ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့မရဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့မရဟု ဒေါ်အောင်ဆန်းစုကြည် ပြော
၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီ ၆ရက်တွင် ကျင်းပသည့် UPDJC အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ငြိမ်းချမ်းရေးအတွက် အကြမ်းဖက်နည်းနဲ့ ဖြေရှင်းလို့ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သူဖြတ်သန်းလာတဲ့ နှစ် ၃၀ အတွေ့အကြုံနဲ့ယှဉ်ပြီး ဒီနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ UPDJC အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

“ဘယ်တုန်းကမှ ဘယ်လိုပုံစံနည်းနဲ့မှ အကြမ်းဖက်ပြီးလုပ်ဖု့ိဆိုတာ မစဉ်းစားခဲ့ပါဘူး။ အင်အားကို သုံးပြီးတော့တောင်မှ လုပ်ဖို့ မစဉ်းစားခဲ့ပါဘူး။ ကျွန်မတို့သုံးတဲ့ အင်အားက စိတ်ဓာတ်အင်အားပါပဲ။ စိတ်ဓာတ်အင်အားနဲ့ ပြည်သူလူထု ထောက်ခံမှုအင်အားကိုပဲ ကျွန်မတို့ အားကိုးခဲ့ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နေပြည်တော်၊ သင်္ဂဟဟိုတယ်မှာ ဖေဖော်ဝါရီ ၆ရက်၊ နံနက် ၁၀နာရီမှာ စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးမှာ UPDJC ဥက္ကဌလည်းဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။

“ကျွန်မတို့ အနေနဲ့ ဒီလိုပြောရခြင်းဟာ စကားသက်သက်အရ ပြောတာမဟုတ်ပါဘူး။ အလုပ်နဲ့ သက်သေထူခဲ့ပြီးပါပြီ။ နှစ်သုံးဆယ် နီးပါး ဒီမိုကရေစီအတွက် လှုပ်ရှားခဲ့တဲ့အချိန်အခါမှာ ကျွန်မတို့ ဆွေးနွေး တိုင်ပင်ပြီးတော့ အချင်းချင်းကြားမှာ မတူကွဲပြားတဲ့ သဘောထားတွေကနေထွက်ပေါ်လာတဲ့ ပြဿနာတွေ့ကို ဖြေရှင်းနိုင်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့ ရပ်တည် ခဲ့တာပါ။ ဒီယုံကြည်ချက်ကနေပြီးတော့ ကျွန်မတို့ လုံး၀ မသွေဖီခဲ့ပါဘူး။ တစ်စိုက်မက်မက် ကျွန်မတို့ ဟာ ဆွေးနွေးပွဲပဲ တောင်းဆိုခဲ့ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

သူလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ပါတီအတွက် မဟုတ်သလို အစိုးရအဖွဲ့အတွက်လည်း မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ကျွန်မက NLD အတွက် လည်းလုပ်နေတာမဟုတ်ဘူး။ အစိုးရ အတွက်လည်းလုပ်နေတာမဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့အတွက် ကျွန်မ လုပ်နေတာပါ။ ဒီအတိုင်းပဲ ကျွန်မစိတ်ထဲမှာ ထားပါတယ်” လို့ အစည်းအဝေး အဖွင့်အမှာစကားမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုပါတယ်။

ဒီကနေ့ ကျင်းပတဲ့ UPDJC အစည်းအဝေးမှာ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် ညီလာခံကို ဖေဖော်ဝါရီလ ၂၈ရက်နေ့ ကျင်းပနိုင်ဖို့၊ ညီလာခံကိုယ်စားလှယ်ကို ၇၀၀ဦးနဲ့ ကျင်းပသွားဖို့နဲ့ လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့တွေ လက်မှတ်ရေးထိုးလာနိုင်ရေး၊ ညီလာခံတက်ရောက်နိုင်ရေး၊ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားဖို့ဆိုတဲ့ အချက်(၃)ချက်ကို သဘောတူဆုံးဖြတ်ခဲ့တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မနက်ပိုင်း အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။

“ပထမခြေလှမ်းကတော့ လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေ လက်မှတ်ထိုးလာဖို့၊ ညီလာခံတက်ရောက်နိုင်ဖို့ အဲ့ဒါကို ဒီကာလမှာ အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာ အားလုံးက သဘောတူတယ်” လို့ ညီလာခံမစခင် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဦးဇော်ဌေးက ရှင်းပြပါတယ်။

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဥက္ကဌဖြစ်သူ ခွန်မြင့်ထွန်းကလည်း “လက်မှတ်မရေးထိုးသေးတဲ့ ကျွန်တော်တို့ ညီနောင်တွေကို ဖိတ်ကြားမှုနဲ့ ပတ်သက်လို့ ရှိရင်တော့ လေ့လာသူအနေနဲ့လား၊ အထူးဖိတ်ကြားသူအနေနဲ့လား၊ ကိုယ်စားလှယ်အနေနဲ့လား ဆိုတာကိုတော့ ယတိပြတ် ဆုံးဖြတ်နိုင်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်လည်းဆိုရင် ဒီကြားကာလမှာ ထပ်မံပြီးတော့ လက်မှတ်ရေးထိုးလာနိုင်မယ်ဆိုတဲ့ သဘောထားမျိုးတွေ ပါဝင်လာနိုင်မယ်ဆိုတဲ့ သဘောထားမျိုးတွေ ရှိတဲ့အတွက် ဒီဟာကိုတော့ အရှင်ထားထားပါတယ်။ ကျန်တဲ့ ညီနောင်အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ရပါတယ်” လို့ မီဒီယာတွေကို ပြောပါတယ်။

၂၀၁၇ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်နိုင်ဖို့ အားလုံးက ကြိုးပမ်းပေးကြပါလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု နှစ်စမှာ ပြောဆိုထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags