စစ်တွေမြို့ကို ရေသန့်စင်စနစ်ဖြင့် စတင်ပေးဝေမည်

စစ်တွေမြို့ကို ရေသန့်စင်စနစ်ဖြင့် စတင်ပေးဝေမည်

စစ်တွေ၊ ဖေဖေါ်ဝါရီ ၆ ။             ။ ရခိုင်ပြည်နယ်၏ စစ်တွေမြို့တွင် ရေသန့်စင်စနစ်ဖြင့် ပေးဝေနိုင်ရေး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

အဆိုပါ ရေပေးဝေရေးစနစ်အား အသုံးပြုနိုင်ရေး ဂျပန်နိုင်ငံ JICA အဖွဲ့မှ ထောက်ပံ့လှူဒါန်းမှုအပါအဝင် နည်းပညာအကူအညီပါ ရယူခြင်းဖြစ်ပြီး မတ်လမှ စတင်ကာ ပေးဝေနိုင်တော့မည် ဖြစ်သည်။

“ အရင်တုန်းကတော့ ရေတွေကို ပိုက်လိုင်းနဲ့ အလိုအလျောက် လွှတ်ပေးတဲ့စနစ်ကိုပဲ သုံးပါတယ်။ အခုကတော့ ရေတွေကို ရေသန့်တဲ့ စနစ်တွေ၊ ရေတွန်းပို့တဲ့ စနစ်တွေကိုအသုံးပြုပြီး   ပေးဝေသွားမှာဖြစ်ပါတယ် ” ဟု ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မိုးက ပြောသည်။

စစ်တွေမြို့ကို ရေသန့်စင်စနစ်ဖြင့် ပေးဝေနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကန်တော်ကြီး သောက်သုံးရေကန်တွင် ဂါလံ ခြောက်သိန်းဆန့် ရေလှောင်ကန်တစ်ခုနှင့် ဆတ်ရိုးကျရပ်ကွက်၌ ဂါလံ သုံးသိန်းဆန့် ရေလှောင်ကန်တို့ အပါအဝင် ရေသန့်ကန်၊ ရေစစ်ကန်များကို တည်ဆောက်လျက်ရှိသည်။

လက်ရှိတွင် စစ်တွေမြို့၏ အားထားနေရသော သောက်သုံးရေကန်ဖြစ်သည့် ကန်တော်ကြီးရေကန်မှာ ပျက်စီးနေသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ဆည်မြောင်းဝန်ကြီးဌာန   ပြည်ထောင်စုရံပုံငွေမှ ၁ ဒဿမ ၈ ဘီလျံကျပ် အကုန်ကျခံကာ မွမ်းမံမှုများ ပြုလုပ်နေကြောင်း ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

“ မြို့မှာလဲ ပိုက်လိုင်းလဲတဲ့လုပ်ငန်းတွေ အမှန်တကယ်လိုအပ်နေတယ်။ ဌာနရဲ့ ဝင်ငွေ မဆောင်ရွက်နိုင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် ချေးငွေကို ရယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နှစ်အလိုက် ပြန်ပေးဆပ်သွားရမှာဖြစ်ပါတယ်” ဟု ဦးကျော်မိုးက ပြောသည်။

စစ်တွေမြို့အတွင်း သောက်သုံးရေဖြန့်ဖြူးမှု မရရှိသေးသော ရပ်ကွက်အချို့ကိုပါ ဖူလုံမှု ရှိစေရေးအတွက် ထပ်မံလိုအပ်ငွေ ၉၂၁ သန်းကျပ်ခန့် လျာထားပြီး ၎င်းငွေပမာဏ ရရှိရေး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ချေးငွေများ ရယူကာ အကောင်ထည်ဖော်နိုင်ရေး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်နေကြောင်း ဦးကျော်မိုး၏ ပြောကြားချက်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required