သြစတြေးလျတွင် စံချိန်တင်အများဆုံးအဖြစ် ဒေါ်လာ သန်း ၃၀၀ ဖိုးရှိ ကိုကင်းများ ဖမ်းဆီးရမိ

သြစတြေးလျတွင် စံချိန်တင်အများဆုံးအဖြစ် ဒေါ်လာ သန်း ၃၀၀ ဖိုးရှိ ကိုကင်းများ ဖမ်းဆီးရမိ

ဆစ်ဒနီ၊ ဖေဖော်ဝါရီ ၆ ။           ။ သြစတြေးလျနိုင်ငံမှာ ကိုကင်းအများဆုံးဖမ်းဆီးရမိမှုအဖြစ် တန်ချိန် ၁ ဒဿမ ၄ တန်ရှိတဲ့ ကိုကင်းတွေ အပျော်စီးရွက်သင်္ဘောနဲ့ တင်ဆောင်လာတာကို ဖမ်းဆီးရမိပါတယ်။ ဖမ်းမိကိုကင်းတွေရဲ့ မှောင်ခိုပေါက်ဈေးက သြစတြေးလျဒေါ်လာ ၃၁၂ သန်း(အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး) ရှိမယ် ခန့်မှန်းထားပါတယ်။

ဖေဖော်ဝါရီ ၂ ရက်က နယူးဆောက်ဝေးလ်ကမ်းခြေမှာ ရွက်သင်္ဘောကို ဖမ်းဆီးခဲ့တာဖြစ်ပြီး အမှုတွဲအနေနဲ့ လူခြောက်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲက ဖေဖော်ဝါရီ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။ ခုလိုဖမ်းဆီးနိုင်ဖို့ သြစတြေးလျနဲ့ နယူးဇီလန်ကြား ပူးပေါင်းထောက်လှမ်းမှု နှစ်နှစ်ခွဲတာ လုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ဖမ်းဆီးသမျှမှာ အများဆုံးပါ။ သြစတြေးလျသမိုင်းမှာ တစ်သုတ်တည်းနဲ့ ဖမ်းဆီးခဲ့ရတဲ့ မူးယစ်ဆေးဝါးမှာ စံချိန်တင်အများပြားဆုံး ဖမ်းဆီးနိုင်မှုပဲ ဖြစ်ပါတယ်။”လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ပီတာဒူတန်က ပြောပါတယ်။

ပြီးခဲ့သည့်လအတွင်းက မူးယစ်ဆေးဝါးတင်ဆောင်ဖို့ ယင်းရွက်သင်္ဘောက နယူးဇီလန်ကနေ ရောက်ရှိလာခဲ့တာဖြစ်ကြောင်း ရဲက စွဲဆိုထားပါတယ်။

ရွက်သင်္ဘောပေါ်က အသက် ၆၃ နှစ်ရှိ နယူးဇီလန်နိုင်ငံသားနဲ့ အသက် ၅၃ နှစ်ရှိ ဆွစ်ဇာလန်နဲ့ ဖီဂျီ နှစ်နိုင်ငံသားခံယူထားသူတို့ကို ဖမ်းဆီးရမိပါတယ်။ ချိတ်ဆက်ပတ်သက်သူတွေအနေနဲ့ အသက် ၃၂ နှစ်မှ ၆၆ ကြားရှိ လူလေးဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သြစတြေးလျနိုင်ငံအနေနဲ့ ဒီဇင်ဘာလအတွင်းကလည်း ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်မှာ ကိုကင်း တန်ချိန် ၁ ဒဿမ ၁ တန် ကို ဖမ်းဆီးရမိခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required