အနာဂတ်နှင့်ပတ်သက်ပြီး ရာသီကုန်အထိ စောင့်ကြည့်သွားမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရို ဆို

အနာဂတ်နှင့်ပတ်သက်ပြီး ရာသီကုန်အထိ စောင့်ကြည့်သွားမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရို ဆို
 

ဖေဖော်ဝါရီ ၆၊ အင်္ဂလန် ။             ။  မန်စီးတီးအသင်းတွင် ပထမကစားသမားနေရာရရှိရန် ရုန်းကန်နေရသည့် အာဂျင်တီးနားတိုက်စစ်မှူး အဂူရိုက ၎င်း၏အနာဂတ်နှင့် ပတ်သက်ပြီး ရာသီကုန်အထိ စောင့်ကြည့်သွားမည်ဟု ပြောဆိုလိုက်သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် အသစ်ခေါ်ယူထားသည့် ဘရာဇီးလူငယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ကို အသုံးပြုလျက်ရှိနေသောကြောင့် အဂူရိုမှာ အရန်ခုံတွင် ထိုင်နေရလျက်ရှိသည်။

ဂါဘရီရယ်ဂျီးဆပ်ကလည်း လက်ရှိတွင်ခြေစွမ်းပြနေပြီး နှစ်ပွဲတွင် သုံးဂိုးသွင်းယူထားသည်။ မန်စီးတီးက ဆွမ်ဆီးကို ၂-၁ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင်လည်း ဂျီးဆပ်က သွင်းဂိုး ၂ ဂိုးစလုံးကို သွင်းယူပေးခဲ့သည်။

အသင်းတွင် ပွဲထွက်ခွင့်ပျောက်ဆုံးနေရသော်လည်း အသက် ၂၈ နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူးက မန်စီးတီးတွင် ဆက်လက်ကစားသွားလိုကြောင်း ပြောဆိုခဲ့ပြီး ရာသီကုန်အထိ အခြေအနေကို စောင့်ကြည့်မည်ဟု ဆိုသည်။

'ပြီးခဲ့တဲ့ သုံးလအတွင်းမှာ ကျွန်တော်တတ်နိုင်သလောက် အသင်းကို ကူညီခဲ့တာပါပဲ။ အသင်းက ကျွန်တော်နဲ့ ပတ်သက်ပြီး ဘာလိုချင်သလဲဆိုတာ စောင့်ကြည့်သွားမှာပါ။

အသင်းမှာ ဆက်နေလိုပါတယ်။ ကျွန်တော့်စာချုပ်သက်တမ်းက သုံးနှစ်ကျန်နေပါသေးတာကြောင့်လည်း ကျွန်တော်ပျော်ပါတယ်။ ဒါပေမဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာမလဲဆိုတာ   စောင့်ကြည့်သွားမှာပါ' ဟု အဂူရိုက ပြောသည်။

အဂူရိုနှင့် နည်းပြဂွါဒီယိုလာတို့သည့် ပြီးခဲ့သည့်လက မန်ချက်စတာမြို့ရှိ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြသေးသည်။ နည်းပြ ဂွါဒီယိုလာကတော့ အဂူရိုမှာ မန်စီးတီးအသင်းအတွက် အရေးပါသည့် ကစားသမားတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

အဂူရိုကို ချယ်လ်ဆီးအသင်းက ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required