ယခုနှစ်ရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လုံလောက်သည့်အင်အားမရှိဟု မော်ရင်ဟို ဆို

ယခုနှစ်ရာသီတွင် မန်ယူအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရန် လုံလောက်သည့်အင်အားမရှိဟု မော်ရင်ဟို ဆို

ဖေဖော်ဝါရီ ၅၊ အင်္ဂလန် ။           ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ၎င်းတို့အသင်းသည် ယခုနှစ်တွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူရန် လုံလောက်သည့်အင်အားမရှိကြောင်း ပြောဆိုလိုက်သည်။

မော်ရင်ဟိုသည် လက်စတာစီးတီးအသင်းကစားရမည့် ပွဲမတိုင်ခင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

‘ဒီနှစ်မှာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံမဖြစ်နိုင်ပါဘူး။ ဒါက အသိအသာကြီးပါ။ ချယ်လ်ဆီးအသင်းကို ဒီရာသီမှာ ကျွန်တော်တို့ လိုက်မီနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလား ပြိုင်ပွဲတွေမှာတော့ ကျွန်တော်တို့ ချန်ပီယံဖြစ်နိုင်ပါသေးတယ်။ ချန်ပီယံဆုကို ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

ထို့အပြင် မော်ရင်ဟိုက အဆင့်လေးအတွင်းဝင်နိုင်ရန်မှာ အသင်း၏အောင်မြင်မှုနှင့်တိုင်းတာ၍မရကြောင်းနှင့် လက်ရှိမန်ယူအသင်းတွင် အောင်မြင်မှုရရှိရန် လုံလောက်သည့် အတွေ့အကြုံရင့်ကစားသမားများ မရှိကြောင်း ပြောသည်။

‘ရာသီအကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အသင်းခြောက်သင်းလောက်က ယှဉ်ပြိုင်နေကြတာပါ။ အဲ့ဒီအသင်းတွေအားလုံးဟာ ရာသီမစတင်ခင်က ပြင်ဆင်မှုတွေ အပြိုင်အဆိုင်လုပ်ခဲ့ကြတာပါ။

ကျွန်တော်တို့အသင်းအောင်မြင်မှုရဖို့အတွက် လက်ရှိ လုံလောက်တဲ့ အတွေ့အကြုံရင့်ကစားသမား မရှိပါဘူး။ ချန်ပီယံဆုကို ရခဲ့ဖူးတဲ့ ရွန်နီနဲ့ ကာရစ်တို့လောက်ပဲရှိပါတယ်။ အီဗရာဟီမိုဗစ်က ချန်ပီယံဆုတွေတော့ အများကြီးရခဲ့ဖူးပါတယ်။ ဒါပေမဲ့ တခြားကလပ်တွေနဲ့ ရခဲ့တာပါ။ ဗလင်စီယာဆိုရင်လည်း ချန်ပီယံဆုကို ရခဲ့တဲ့အကြိမ်က နည်းနည်းလေးပါ’ ဟု မော်ရင်ဟိုက ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required