ဘတ်စ်ကားများစည်းကမ်းပျက်မှုမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ အားနည်းမှုဟု ဆို

ဘတ်စ်ကားများစည်းကမ်းပျက်မှုမှာ သက်ဆိုင်ရာကုမ္ပဏီများ၏ အားနည်းမှုဟု ဆို
ဓာတ်ပုံ-မျိုးပြည့်သင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ။             ။ YBS ယာဉ်အချို့သည် သတ်မှတ်သည့်အတိုင်း ပြေးဆွဲမှုမရှိဖြစ်နေခြင်းမှာ သက်ဆိုင်ရာကုမ္မဏီများ၏ အားနည်းချက်ဖြစ်ကြောင်း ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေး လုပ်သားများသမဂ္ဂ  ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်၊ အောကစ်ခ်ဟိုတယ်တွင် ပြုလုပ်သော DVB Debate တွင် မဇ္ဈိမသို့ ပြောခဲ့ခြင်းဖြစ်သည်။

ကားများပြေးဆွဲရာတွင် ယခင်က အချိန်မှတ်ဂိတ်မှူးများရှိခဲ့ပြီး ယခု ဂိတ်ဆုံးထိ မသွားသောကားများ ရှိနေသည်ဟု ဦးမောင်မောင်ဦးက ပြောသည်။

“အရင်တုန်းကကြတော့ ဂိတ်ရင်း၊ ဂိတ်ဖျားတွေမှာ ဂိတ်မှူးတွေ ရှိတယ်။ အချိန်မှတ်တဲ့ အချိန်မှူးတွေ ရှိတယ်။ အရင်ကတည်းကရှိခဲ့တယ်နော်။ မထသခေတ်မှာလည်း ဂိတ်ဆုံးကိုမသွားဘဲ ရပ်လိုက်တာတို့ ၊ ဥပမာ သန်လျင်ဆိုရင် ကျိုက်ခေါက်ဘုရားမှာ ထိုးရပ်ပြီးတော့ လှည့်ပစ်လိုက်တာတို့ ၊ ဂတ်စ်ဝင်ထည့်ရင်း ရပ်ပစ်လိုက်တာတို့ အရင်လည်းရှိတယ်။ အခုလည်းရှိတယ်” ဟု မောင်မောင်ဦးက ဆက်ပြောသည်။

ယာဉ်လိုင်းစနစ်သစ် စဖွင့်သည့် ဇန်နဝါရီလ ၁၆ရက်နေ့မှ ၂၅ရက် နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ YBS အပေါ်တိုင်ကြားမှု ၁၂၅၀မှု အထိ ရှိခဲ့သည်။ တိုင်ကြားမှုများထဲမှ ငါးပုံတစ်ပုံ (၂၅၀မှု) သည် ယာဉ်လိုင်းများ စည်းကမ်းဖောက်ဖျက်ခြင်းကို တိုင်ကြားမှုများ ဖြစ်ကြောင်း YBS ကွန်ပလိန်းစင်တာမှ ကိုကျော်သီဟ ကပြောသည်။

“မှတ်တိုင်မှာရပ်ပြီးတော့ ဘာလို့ပြန်မထွက်ဘူးလဲ၊ ဘာလို့ ဒီလိုမျိုးတွေ အတားအဆီး၊ အနှောက်အယှက်မျိုးတွေ ဖြစ်နေတာလဲဆိုတာ ထဲထဲဝင်ဝင်လေ့လာပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို နားထောင်ရမှာပဲဖြစ်ပါတယ် ”ဟု Mahanadi Maritime Services မှ မန်နေးဂျင်းဒါရိုက်တာ ဦးဟင်နရီခင်မောင် က ပြောသည်။

စည်းကမ်းပျက်မှုများကို အရေးယူဆောင်ရွက်ရန်အတွက် တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကို ယာဉ်လိုင်းစနစ်သစ် စပြေးဆွဲသောနေ့တွင်ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)က စတင်ထုတ်ပြန်ပေးခဲ့သည်။

တိုင်ကြားခံရသည့် ယာဉ်စည်ကမ်းပျက်မှုများတွင် ယာဉ်ခေါင်းခန်းထိုင်ခုံနေရာအတွက် ယာဉ်စီးခ ပိုမိုကောက်ခံခြင်း ၊သတ်မှတ်အချိန်အထိ မပြေးဆွဲပေးခြင်းနှင့် ဂိတ်ဆုံးအထိ မပြေးဆွဲပေးခြင်းတို့ ပါဝင်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly