ကျေးလက်အသည်းစွဲဟင်း ကြက်ဘူးသီးကာလသားချက်

ကျေးလက်အသည်းစွဲဟင်း ကြက်ဘူးသီးကာလသားချက်

မင်္ဂလာပါ ..

ဒီတပတ်မှာတော့ ကြက်သားဘူးသီးကာလသားချက်လေး ချက်စားကြရအောင်။ ကျေးလက်ဒေသရဲ့ အသည်းစွဲဟင်းလို့တောင် ခေါ်လို့ရမယ့် ကြက်သားဘူးသီးကာလသားချက်ကို မိသားစုသူငယ်ချင်း တစ်စုတဝေးနဲ့ ချက်ပြုတ်စားသောက်ရတာလည်း ပျော်စရာ ထမင်းမြိန်စရာပါ။

အရင်ဆုံးလိုအပ်တာတွေ စတင် ပြင်ဆင်ပါမယ်။

ကြက်သားဘူးသီးကာလသားချက်ကို ချက်တော့မယ်ဆိုရင်

ကြက်နုနု ၅၀သား

ဘူးသီး အနု ၁လုံး

ကြက်သွန်ဖြူ / နီ အနည်းငယ် (လေးစိတ်ကွဲ ထောင်းထားပါ)

စပါးလင် ၃ပင် (ထုပြီး အထုံး ထုံးထားပါ)

အရောင်တင် အနည်းငယ်

ဆီ အနည်းငယ်

ဆား ဆနွင်း အနည်ငယ် တို့ လိုအပ်ပါတယ်။

ပြီးရင်တော့ ကြက်ကို အကောင်လိုက် ရေဆေးပြီး မီးသွေးမီးဖိုပေါ်တင်ပြီး မီးသင်းပါမယ်။ ဒါမှ ကြက်သားမှာကပ်နေတဲ့ အမွှေးနုတွေ ပြောင်သွားမှာဖြစ်သလို ကြက်ရဲ့အညှီနံ့လည်း ပျောက်သွားမှာပါ။ ပြီးတော့ အနံ့လည်း ပိုမွှေးပါတယ်။ ကြက်သားအပေါ်ယံကြောတင်းလာပြီဆိုရင် ခဏအအေးခံပြီး  အထဲက အူကလီစာတွေဖယ်ပြီး အနေတော်ခုတ်ပါ။ လိုအပ်ရင် ကြက်ရဲ့အတွင်း ပိုင်းကိုပဲ ရေဆေးပါ။

ကြက်ကို အနေတော်ခုတ်ပြီးပြီဆိုရင် ဆားဆနွင်း နာနာနယ်ပြီး နှပ်ထားပါ။

ပြီးရင်တော့ ဒန်အိုးတစ်လုံးထဲ ဆီအနည်းငယ်ထည့်၊ ဆီပူလာရင် ဆနွင်းလေးထည့်ပြီး ကြက်သွန်ဖြူနီ ကို ဆီသတ်ပါ။

 ကြက်သွန်ဖြူနီ ရဲလာရင် အရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ စပါးလင်အထုံးကို ထည့်ပါ။ တစ်ခါတည်း ဆီသတ်ပါ။

ဆီသတ်တာ မွှေးလာပြီဆို ကြက်သားထည့်ပါ ။ နှံ့အောင်မွှေပြီး အညှီနံ့ပျောက်သွားအောင် အဖုံးခဏဖုံးပြီး တည်ထားပါ။

ကြက်သားအညှီနံ့ပျောက်ပြီး အသားက ထွက်လာတဲ့ အရည်တွေ ခမ်းသွားပြီဆိုရင်တော့ ကြက်သားမြှုပ်လောက်တဲ့အထိ ရေထည့်ပြီး  တည်ထားပါ။

ပွက်လာရင် အရသာ အပေါ့အငန်မြည်းပါ။ လိုတာထည့်ပါ။

ကြက်သားနူးပြီး အရသာအဆင်ပြေပြီဆိုရင် ဘူးသီးနုနုကို အခွံသင်၊ အနေတော်လှှီးပြီး ထည့်ပါ။

ဘူးသီးနူးပြီးဆိုရင်တော့ စပါးလင်နံ့သင်းပြီး အရသာချိုမြတဲ့ ကြက်သားဘူးသီးကာလသားချက် ရပါြင်္ပီ။

အရသာအထူးပြောစရာ မလိုအောင်ကောင်းတဲ့ ကြက်သားဘူးသီးကာလသားချက်ကို ငရုတ်သီးထောင်း၊ ငပိထောင်း၊ မရမ်းသီးထောင်းတို့နဲ့တွဲဖက်စားသုံးနိုင်ပါတယ်။ ဒီအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required