အကြမ်းဖက်ဝါဒကို အီရန်တို့ ကြီးကြီးမားမား ထောက်ပံ့ကူညီပေးနေသည်ဟု အမေရိကန် စွပ်စွဲ

အကြမ်းဖက်ဝါဒကို အီရန်တို့ ကြီးကြီးမားမား ထောက်ပံ့ကူညီပေးနေသည်ဟု အမေရိကန် စွပ်စွဲ

ဖေဖော်ဝါရီ ၄ ။            ။ ကမ္ဘာပေါ်တွင် အကြမ်းဖက်ဝါဒကို အကြီးမားဆုံးအထောက်အပံ့ပြုနေသည့် နိုင်ငံမှာ အီရန် နိုင်ငံပင် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ် မက်တစ်က   ပြောကြားလိုက်သည်။

ယင်းနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုများ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးကလည်း အထက်ပါအတိုင်း စွပ်စွဲပြောကြားသွားခြင်း ဖြစ်သည်။

" အီရန်တို့ ဒီတိုင်းပဲ ဆက်သွားနေသမျှတော့ ကမ္ဘာပေါ်မှာ အကြမ်းဖက်ဝါဒကို ကမကထပြုနေတဲ့ အကြီးဆုံးနိုင်ငံ ဖြစ်နေဦးမှာပါပဲ" ဟု မက်တစ်က တိုကျိုမြို့ရှိ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောဆိုသွားသည်။

သို့သော်လည်း ယခုအခြေအနေများကြောင့် အမေရိကန်တို့အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ယင်း၏ တပ်ဖွဲ့အင်အားများ တိုးချဲ့ချထားရန် အစီအစဉ်မရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသွားသည်။

" ဒါကို ဒီတိုင်းမသိချင်ယောင် ဆောင်နေလို့ မဖြစ်ပါဘူး၊ အရှေ့အလယ်ပိုင်းမှာ ကျွန်တော်တို့တပ်တွေ ချထားဖို့ အင်အားအလုံအလောက်ရှိပါတယ်၊ ဒါပေမယ့် ဒီအချိန်မှာတော့ မလိုသေးပါဘူး" ဟု ၎င်းက ဆိုသည်။

အီရန်၏ ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်မှုကို တုန့်ပြန်အရေးယူသည့်အနေဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ကြောင်း အလားတူ ဖေဖော်ဝါရီ ၃ ရက်ကလည်း အမေရိကန်တာဝန်ရှိသူများက ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required