နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့လုံခြံုရေး အာမခံချက် ပိုမိုရှိ်စေချင််

နိုင်ငံသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးနဲ့လုံခြံုရေး အာမခံချက် ပိုမိုရှိ်စေချင််
 

လွန်ခဲ့တဲ့ ရက်တွေအတွင်းတုန်းက ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်ပြီး တိုင်းပြည်နဲ့အဝှမ်း ထင်မြင်ချက်တွေပေးကြ၊ သဘောထားတွေပေးကြ၊ ထွက်သမျှ သတင်းစာနဲ့ ဂျာနယ်အသီးသီးမှာလည်း ဒီသတင်းကို အထူးအသားပေးဖော်ပြကြနဲ့ တကယ့်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ နေ့တွေဖြစ်ခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးလိုလို သတိပြုမိတဲ့အချက်၊ အားလုံးလိုလို ပြောကြဆိုကြတဲ့အချက်က မိမိတို့တိုင်းပြည်မှာ  ဒီအဖြစ်အပျက်အပေါ်မူတည်စဉ်းစားမယ်ဆိုရင် နိုင်ငံသားတစ်ဦးချင်းစီရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီ လားဆိုတဲ့အချက်ပါပဲ။

နိုင်ငံသားတစ်ဦးချင်းစီ ရဲ့ လုံခြုံရေး ရှိမှု မရှိမှု သို့မဟုတ် နိုင်ငံသားတစ်ဦးချင်းစီရဲ့အခွင့်အရေးကို ဥပဒေအရ ခိုင်မာစွာ အာမခံချက် ပေးနိုင်မှု မပေးနိုင်မှုဆိုတဲ့အချက်ဆိုတာကလည်း သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု၊ ဥပဒေသက်ရောက်မှုနဲ့ ဥပဒေခိုင်မာမှု ရှိခြင်း မရှိခြင်းအပေါ် မူတည်ပြန်ပါတယ်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပုံကို ကြည့်တဲ့အခါ ၁။ လူမြင်ကွင်းတွင် ပေါ်ပေါ်ထင်ထင် အသတ်ခံရခြင်း၊ လူသတ်လက်နက်ကို အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ခြင်း အစရှိတဲ့အချက်တွေကိုကြည့်ပြီး ဦးကိုနီနည်းတူ ငါတို့သည်လည်းပဲ လုံခြုံမှုမရှိနိုင်ပါလားဆိုတဲ့အတွေးကို တွေးလာစေနိုင်ပါတယ်။

ဒါ့အပြင် လက်သည်တရားခံမပေါ်ပဲ ကြန့်ကြာနေတဲ့အမှုပေါင်းများစွာအပေါ်မူတည်ပြီးလည်း လူတိုင်းကို စိုးရိမ်စိတ်ဖြစ်လာစေနိုင်ပါတယ်။ အဓိက အကျိုးသက်ရောက်မှုအရပြောရရင်တော့ မိမိတို့ိုတိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မခိုင်မာတော့ပြီလားလို့ တွေးဆစရာ ဖြစ်လာစေနိုင်ပါတယ်။

မိမိတို့တိုင်းပြည်မှာ သည်လိုဖြစ်လာနေတဲ့တချိန်တည်းမှာ ဒီမိုကရေစီ နိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံက အဖြစ်အပျက်တချို့ကလည်း တိုင်းပြည်တစ်ခုရဲ့ ဥပေဒစိုးမိုးမှု။ ဥပဒေခိုင်မာမှု ရှိခြင်း မရှိခြင်းကို မီးမောင်းထိုးပြသလိုဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအဖြစ်အပျက်နဲ့ နှိုင်းယှဉ်စဉ်းစားပြီး စိတ်ဝင်စားစရာ ကောင်းတာ တွေ့ရပါတယ်။

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့က သမ္မတသစ် ဒေါ်နယ်ထရန့်က အမိန့်တစ်ခု လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း အစွန်းရောက်အကြမ်းဖက်သူများ ဝင်ရောက်လာနိုင်မှုကို ကာကွယ်ရန်ဆိုတဲ့အကြောင်းပြချက်နဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံ ၇ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ရက်ပေါင်း ၉၀ ပိတ်ပင်တဲ့ အမိန့် ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံအတွင်း အခြေချနေထိုင်မယ့် ဒုက္ခသည်များ နေရာချထားရေးအစီစဉ်ကို ရက်ပေါင်း ၁၂၀ ဆိုင်းငံ့ထားဖို့လည်း ကြေညာခဲ့ပါတယ်။

ဒီလို အမိန့်ုထုတ်ပြန်တဲ့အခါ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ကြပါတယ်။ သမ္မတရဲ့ အမိန့်က ဘာသာရေးတစ်ရပ်ကို ပစ်မှတ်ထား ဦးတည်သလိုဖြစ်နေတယ်၊ ( ပိတ်ပင်ခံရတဲ့ ၇ နိုင်ငံဆိုတာက မွတ်ဆလင်နိုင်ငံတွေချည်းပဲဖြစ်ပါတယ်။) ဒါကြောင့်မို့ အမေရိကန်နိုင်ငံရဲ့ အခြေခံဥပဒေနဲ့ မကိုက်ညီတဲ့အပြင် ချိုးဖေါက်ရာပါကျနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖက်ဒရယ်တရားရုံးမှာ ဦးတိုက်လျှောက်ထား သမ္မတကို တရားပြန်စွဲပါတော့တယ်။ ပိတ်ပင်ခံရတဲ့အထဲ အကျွမ်းဝင်သွားတဲ့သူတွေနဲ့ ပြည်နယ်တချို့ကပါ တရားပြန်စွဲကြပါတယ်။ တော်တော်လေးလည်း   ဝေဖန်ခံရပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ ဖက်ဒရယ်တရားသူကြီးက သမ္မတရဲ့ နိုင်ငံတွင်းသွားလာမှု ရပ်ဆိုင်းမှုအမိန့်ကို ယာယီရပ်တန့်စေဖို့ တရားရုံးဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်လိုက်ပါတယ်။ သမ္မတကလည်း သူ့အမိန့်ကို ပြန်လည်အသက်ဝင်ဖို့အတွက် နိုင်ငံတော်တရားရုံးချုပ်မှာ ဆက်ပြီး အယူခံတင်မယ်လို့ ကြေညာရပါတယ်။

အမေရိကန်နိုင်ငံရဲ့ လတ်တလောဖြစ်နေတဲ့ ဒီသတင်းတွေကိုကြည့်ရင် သူတို့နိုင်ငံမှာ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့အချက်၊ နိုင်ငံသားတွေဟာ သူတို့အခွင့်အရေး ထိပါးလာမယ်ဆိုရင် အခြေခံဥပဒေအရ အခိုင်အမာ ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့အချက်နဲ့ နိုင်ငံ့ရဲ့ အခြေခံဥပဒေကို တိုင်းပြည်ရဲ့ အမြင့်ဆုံး သမ္မတကအစ၊ တရားရေးဝန်ထမ်းများနဲ့ နိုင်ငံသားအားလုံးက ကျူးလွန်ဖေါက်ဖျက်လို့မရဘူးဆိုတဲ့အချက်ကို ထင်ထင်းရှားရှားသွားတွေ့ရပါတယ်။ ဒီအမှုက ဘာကိုဖေါ်ပြသလည်းဆိုတော့ တိုင်းပြည်ရဲ့သမ္မတနဲ့ လူထုကိုယ်စားပြုအဖွဲ့တွေ၊ နိုင်ငံသားတွေ အပြန်အလှန် တရားပြန်စွဲနိုင်ဖို့၊ အပြန်အလှန် မတရားမလုပ်နိုင်ဖို့ အခြေခံဥပဒေက အခိုင်အမာ  ကာကွယ်ပေးထား၊ ရပ်တည်ပေးထားတယ်ဆိုတဲ့ အချက်ပါပဲ။

ဒါကြောင့်မို့ မိမိတို့တိုင်းပြည်မှာလည်း ပြည်သူတွေရဲ့လုံခြုံမှု၊ ပြည်သူ့အခွင့်အရေးကာကွယ်မှု အစရှိတဲ့အချက်တွေကို ပြဌာန်းထားရှိတဲ့ အခြေခံဥပဒေအရ အများပြည်သူရဲ့စိတ်ထဲ သို့လော သို့လော မဖြစ်စေရေးနဲ့ တရားဥပဒေစိုးမိုးမှု သည့်ထက် ပိုမိုခိုင်မာစေရေး၊ နိုင်ငံသားများရဲ့အခွင့်အရေး သည့်ထက် ပိုမိုလုံခြုံစေရေး တိုင်းပြည်တာဝန်ရှိသူများအပါအဝင် ပြည်သူအားလုံး ဝိုင်းဝန်းကြိုးပမ်းကြပါစေကြောင်း မဇ္ဈိမက တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required