အင်းလေးကန်မှာစိုက်ပျိုးရေးအစားတခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်သင့်တယ်

အင်းလေးကန်မှာစိုက်ပျိုးရေးအစားတခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်သင့်တယ်

ညောင်ရွှေ(Myanmar Now)- စိုက်ပျိုးရေးလုပ်ကိုင်တဲ့ အင်းလေးဒေသခံ အများအပြားကို တခြားအလုပ်အကိုင်တွေ ပြောင်းလဲ လုပ်ကိုင်စေချင်တယ်လို့  ရှမ်းပြည်နယ်အစိုးရ အင်းသားတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ ဦးထွန်းလှိုင်က ပြောပါတယ်။

အင်းလေးကန်ဒေသဟာ တခြားဒေသထက် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ ပိုမိုသုံးစွဲရတာ ကြောင့် စိုက်ပျိုးရေးသမားတို့ရဲ့ ကျန်းမာရေး၊ အင်းလေးကန် ရေရှည်တည်တန့်မှုတို့ကို ထိခိုက်နိုင်ပါ တယ်။

မကြာသေးခင်က ဒေါက်တာဦးထွန်းလှိုင်နဲ့ တွေ့ဆုံရာမှာ သူက အင်းလေးဒေသ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း၊ စီးပွားရေး၊ ကျန်းမာရေး၊ အင်းလေးကန်ဒေသခံတို့ရဲ့ အခက်အခဲများအကြောင်း ကို ပြောပြထားပါတယ်။

မေး။    ။ အင်းလေးဒေသစိုက်ပျိုးရေးအခြေအနေကဘယ်လိုရှိနေပါသလဲ။

ဖြေ။           ။ အဓိကစိုက်ပျိုးတာက ခရမ်းချဉ်သီးဖြစ်ပါတယ်။ ဝင်ငွေအများဆုံးနဲ့ အင်းလေးဒေသခံ တွေ အများဆုံး လုပ်ကိုင်တဲ့ စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါတယ်။ နောက်တစ်ခုက ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကလည်း အင်မတန် အားထားရတဲ့လုပ်ငန်းပါ။ ပြောင်းနဲ့မြေပဲ၊ ကြံတို့လည်း စိုက်ပျိုးကြပါ တယ်။ အင်းလေးကန် အုပ်ချုပ်ရေးအဖွဲ့မှာ ဥပဒေတိတိကျကျ မရှိသေးတော့ ဥပဒေကို ရေးဆွဲနေပါတယ်။ အရင်ကတော့ရေနဂို၊ ဘာဖာဧရိယာ၊ ဝါးတားရှစ်ဧရိယာဆိုပြီး ၃ ခုထားပါတယ်။ ဇုန်နယ်ကို ၅ ခုလောက် ထားရင်ကောင်းမယ်ဆိုပြီးတော့ ကျွန်တော် အကြံပြုထားပါတယ်။ ဒါကတော့ အင်းလေး ရေသက်သက် ဧရိယာပေါ့။

အဲဒီအပြင်ဘက် ကျွန်းမျောအရိုင်းနဲ့ စိုက်ပျိုးတဲ့ဧရိယာမှာဆိုရင်တော့ လူနေအိမ်ခြေ ရှိနေတယ်၊ ရေထဲမှာနေတဲ့ အိမ်တွေ။ နောက်တစ်နေရာက လယ်တွေစိုက်ပျိုးတဲ့နေရာ။ လယ်ထက်မြင့် သွားတဲ့နေရာမှာ ဥယျာဉ်စိုက်တဲ့နေရာ။ ဥယျာဉ်စိုက်တဲ့နေရာရဲ့ အပြင်ဘက်မှာဆိုရင် ကားလမ်း။ ကားလမ်းရဲ့ အပြင်ဘက်မှာက သစ်တောဧရိယာ။ ဒါက ညောင်ရွှေမြို့နယ် အင်းလေးဒေသရဲ့ ပကတိ မြေအနေအထားပေါ့။

ရေနဂိုဧရိယာကိုတော့ကျွန်တော်တို့ လုံးဝ အထိခံလို့မဖြစ်တော့တဲ့ အနေအထားမှာ ရှိပါတယ်။ ကျွန်းမျော စိုက်ခင်းတွေက ရေဧရိယာကို ချဲ့လာခဲ့ရင်တော့ အင်းလေးကန်ဆိုတာ ကျွန်းမျောကြီးပါ လားဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ လုံးဝ ခွင့်ပြုလို့မရတဲ့ ကိစ္စဖြစ်ပါတယ်။

  မေး။     ။ ကျွန်းမျောစိုက်ခင်းတွေဟာမြေပြင်စိုက်ခင်းတွေထက်ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးပိုပြီး သုံးစွဲနေရတာကြောင့် ဘယ်လိုမျိုးထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဖြေ။ ။ ထိခိုက်တာနဲ့ပတ်သက်ပြီးတော့ ပညာရှင်တွေပြောကြတာပေါ့။ ခရမ်းချဉ်သီးက ရာသီ ချိန်ကာလမှာဆို တစ်ရက်ကို ဆယ်ဘီးကားအစီး၂ဝ လောက်ထိနဲ့ကို တင်ပို့နေရပါတယ်။ အထွက် နည်းတဲ့ ရာသီမှာတော့ ဆယ်ဘီးကား ၁ စီးကနေ ၅ စီးထိ ရှိပါတယ်။ ပိုးသတ်ဆေးနဲ့ ပတ်သက်လို့က တော့ အန္တရာယ်ရှိတာကို မသိတာမဟုတ်ဘူးဗျ၊ သိကြပါတယ်။ စီးပွားဖြစ်ဆိုတာထက် ဝမ်းစာအနေနဲ့ က အရေးကြီးနေတာ။ ကျွန်တော်တို့အင်းသူ၊ အင်းသားများ ဒီခရမ်းချဉ်သီးကို မရွေးလို့မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။

ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး အဆိပ်အတောက်ဖြစ်တဲ့ဟာကိုတော့ တွေ့ပါတယ်၊ အရင်အစိုးရ လက်ထက်ကပေါ့ဗျာ၊ အင်းလေးဒေသက ရေနမူနာတွေယူပြီးတော့ ပိုးသတ်ဆေးပျော်ဝင်မှု ဘယ်လောက်ထိ ဆိုးရွားနေသလဲဆိုတာကို သုတေသန ပြုလုပ်ထားတာရှိပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကျေးရွာတွေမှာတော့ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုးမှာ ရှိပါတယ်။ ပိုးသတ်ဆေးအန္တရာယ်ရှိတဲ့အထဲမှာတော့မြေအောင်းပိုးသတ်ဆေးကအဆိုးဆုံးပါပဲ။ တချို့လူတွေက တော့ ကင်ဆာဖြစ်တယ်၊ အနည်းအကျဉ်းရှိတယ်၊ အာရုံကြောနဲ့ ပတ်သက်တဲ့ အဆိပ်အတောက်က အများဆုံးတွေ့ရပါတယ်။

ပိုးသတ်ဆေးကို စနစ်တကျ မသုံးစွဲတဲ့အတွက် တစ်ထိုင်တည်းနဲ့ ဆုံးပါးသွားတဲ့လူတွေလည်း အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ ယနေ့ခေတ်မှာတော့ နည်းပါးသွားပါပြီ။

မေး။      ။ ဒေသခံတွေက ဘယ်လိုကျန်းမာရေး အန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရပါသလဲ။

  ဖြေ။       ။ အာရုံကြောအဆိပ်အတောက် ဖြစ်မှုက ကျန်းမာရေးပညာပေးဦးစားပေးတဲ့အခါမှာ ဒုတိယ အဆင့်လောက်ရှိတယ်။ ပထမဦးစားပေးရတာကတော့ ရေအားဖြင့် ကူးစက်တက်တဲ့ ရောဂါ များ ဖြစ်ပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေကို ကိုင်တွယ်အသုံးပြုတာနဲ့ပတ်သက်ပြီးတော့ အရင်တုန်းကဆိုရင် ဘာမှ ဗဟုသုတမရှိခဲ့ဘူး၊(ဆေး) အရည်ဖျော်တာတောင်မှ လက်နဲ့မွှေတာမျိုး တွေရှိတယ်၊ တော်တော်အခြေအနေဆိုးတယ်။ (အရေပြား) လောင်တာတွေ၊ အလာ့ဂျစ် (ဓာတ်မ တည့်တာ)တွေဖြစ်တာ။ ကျွန်တော်တို့တော်တော့်ကိုပညာပေးရတာ။ လူတွေသိထားတာကတော့ နှာခေါင်းထဲဝင်မှ၊ ပါးစပ်ထဲဝင်မှ စသည်အားဖြင့်ပေါ့။ အမှန်တော့ထိတာနဲ့ အရေပြားက စိမ့်ဝင်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ကျန်းမာရေး အန္တရာယ်ကို မသိဘဲနဲ့ ဆေးဖြန်းလက်စနဲ့ နေ့လယ်စာ စားလိုက်တာ တစ်ထိုင်တည်း သေသွားတာမျိုးတွေလည်း ရှိတယ်။

  ဓာတ်မြေသြဇာနဲ့ ပတ်သက်လို့ကလည်း တောင်ကြီးတက္ကသိုလ်တို့၊ စိုက်ပျိုးရေးဌာနတို့ သုတေ သန ပြုလုပ်တာအရ ရေထဲမှာ ဖော့စထရက်ပါဝင်မှုနှုန်းက ကျွန်တော်တို့ အင်းလေးရေမှာကတော့ သူများဒေသထက် များနေတာပေါ့။

မေး။       ။ ဘယ်လိုပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါသလဲ။ 

ဖြေ။           ။ ကုမ္ပဏီတစ်ခုနဲ့ချိတ်ဆက်ပြီးတော့အော်ဂင်းနစ် (ဓာတုကင်းစင်) ဆေးတွေ ဖြန့်ဖြူးခဲ့ တယ်။ ရွာတွေမှာ လူစုပြီးတော့ ဟောပြောပွဲတွေလုပ်ပါတယ်။ လူတွေက အရင်တုန်းကထက် စာရင် တော့ အော်ဂင်းနစ်စိုက်ပျိုးရေးကို အားပေးလာကြတာလည်း တွေ့လာရပါတယ်။ ကျွန်တော်တို့ အော်ဂင်းနစ် စိုက်ပျိုးရေးကို အဓိကပညာပေးပါတယ်။

  မေး။ ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာအန္တရာယ် ကင်းရှင်းအောင် ဘယ်လို ဆောင်ရွက်သွားဖို့ ရှိပါသလဲ။

ဖြေ။             ။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ပြည်သူလူထု ဝမ်းစာရှာဖွေရေး အလုပ်အကိုင်ကို တောင် အစားထိုးဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိုက်ပျိုးရေးဆိုတာနဲ့ မြေဧ ရိယာတိုးချဲ့ဖို့၊ မျိုးကောင်းမျိုးသန့်ရဖို့၊ အထွက်နှုန်းကောင်းဖို့ဆိုပြီးတော့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြ ဇာကို သုံးနေရတယ်။ ခရမ်းချဉ်သီး အများကြီးထွက်တာပဲ၊ ဈေးကောင်းလည်းရတယ်လို့ အများက ထင်ကြတယ်။ အဲဒီလို အမြဲမဟုတ်ပါဘူး၊ ရှေ့လေးနှစ်လောက်တုန်းကဆိုရင် ဆက်တိုက်ကို အရူံးပေါ် ခဲ့ပါတယ်။ ရှေ့တစ်နှစ်နဲ့ ဒီတစ်နှစ်ကမှ ဈေးကောင်းရလာလို့ အကြွေးတွေကျေပါတယ်။

လတ်တလောတော့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေရနိုင်တဲ့ လုပ်ငန်းဖြစ်အောင် ဆောင်ရွက် လိုတယ်၊ ပြည်သူလူထု ဘယ်အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုတာကိုတော့ စဉ်းစားဆဲပဲ။ ညောင်ရွှေ မြို့နယ်မှာ ဟိုတယ်ပေါင်း ၉၂ လုံးရှိတယ်။ ဒေသခံတိုင်းရင်းသားတွေ ပိုင်ဆိုင်တာက ၃ဝ လောက်ပဲ ရှိတယ်။ အဲဒီ ၃ဝ ကေ သးသေးလေးတွေပဲ။ အကြီးကြီးမှန်သမျှက လုပ်ငန်းရှင်တွေပိုင်တာ ဖြစ်တယ်။ အင်းလေး (ကန်) ဝဲယာမှာဟိုတယ်၂၂လုံးရှိတယ်။ ဌာနေတိုင်းရင်းသားများပိုင်တာက ၂ လုံးပဲရှိတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ ဌာနေတိုင်းရင်းသားတွေက ဘယ်လိုဝင်ငွေမျိုးရနေတယ်ဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။

အင်းလေးမှာက ဖြတ်သွားရင်တောင်မှ ပိုးသတ်ဆေးနံ့ရနေတယ်၊ စိုက်ပျိုးရေးကိုချည်း ရေရှည်မှာ အားကိုးရင်ဒါက အဆင်မပြေတဲ့ကိစ္စပေါ့၊ အရင်ကဆိုရင် ပိုဆိုးတယ်၊ ပိုးသတ်ဆေးဆိုတာ က တစ်နေကုန်ဖြန်းတယ်။ ခုတော့ တောင်သူများက ဗဟုသုတရလာတဲ့အတွက်ကြောင့် နေ့ခင်းနေ့ လယ်တွေမှာ ပိုးသတ်ဆေးနဲ့ မထိတွေ့တာတွေ ရှိနေကြပြီ။ ခု ကျွန်တော်တို့အဖြစ်ချင်ဆုံးကတော့ လုပ်ငန်းကိုင်ငန်း အစားထိုးဖို့ပေါ့။ တချို့စိုက်ပျိုးရေးရွာတွေမှာဆိုရင် အလုပ်အကိုင် ပြောင်းလဲလာ တယ်။ အထည်ချုပ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပင်နီလုပ်ငန်း၊ သိုးချည်နဲ့ လွယ်အိတ်ရက်တာတွေ ရှိတယ်။ ခရီးသွားလာရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ CBT(Community BasedTourism - ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်း)ကိုကြိုးစားနေပါတယ်လို့ဟိုတယ်နဲ့ခရီး ဝန်ကြီးကလည်းပြောပါတယ်။ အင်းသူအင်းသားများက ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကို ရှောင်ရှားဖို့ ခရီးသွားလုပ်ငန်းထဲ ဝင်မယ် ဆိုရင် အမှတ်တရပစ္စည်းရောင်း၊ မော်တော်မောင်း၊ စားသောက်ဆိုင်အသေးလေးတွေ တည်ထောင် တာနဲ့ တချို့ဟိုတယ်တွေမှာ ဝန်ထမ်းအနည်းငယ်လောက် ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ ကိစ္စလောက်သာ လုပ်ကိုင်နိုင်ပါသေးတယ်။

  မေး။     ။ ခရီးသွားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့ ဒေသခံတွေမှာ ဘယ်လိုအခက်အခဲတွေ ရှိနေသလဲ။

ဖြေ။     ။ ဌာနေတိုင်းရင်းသားများကိုယ့်မြေကိုယ့်ဒေသမှာ ဟိုတယ်ဆောက်လုပ်ခွင့်ဆိုတာ မရှိ တော့ပါဘူး။ အင်းလေးဒေသနဲ့ ၁ဝ မိုင်ပတ်လည်အတွင်းမှာ ဟိုတယ် ဆောက်လုပ်ခွင့်၊ Guest House (တည်းခိုခန်း) တိုးချဲ့ခွင့်လည်း မရှိတော့ပါဘူး၊ အသက်မွေးဝမ်းကျောင်း သင်တန်းကို အများကြီး ဆောင်ရွက်ဖို့ လိုနေပါသေးတယ်။ ပြီးတော့ CBT ကလည်း အနီးဆုံးဟိုတယ်နဲ့ ဘယ်နှစ်နာရီအတွင်း အသွားအပြန် ဖြစ်မယ့်နေရာတွေ ရွေးရမယ်ဆိုတော့ အင်းသူအင်းသားများနေထိုင်တဲ့ နေရာတွေက မူဘောင်နဲ့ ကျော်လွန်နေသလိုမျိုး ဖြစ်နေပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဆီမှာ စားသောက်ဆိုင် ဆောက်မယ်ထားဦးပေါ့။ ကျွန်တော်တို့ဒေသမှာ မြေယာနဲ့ ပတ်သက်လို့ မူဝါဒတွေရှိပါတယ်။ ရှိသမျှ ကမ်းနားအောက်ဖက်ကို တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝသားငှက်များနေရာဆိုပြီး သစ်တောဌာနက ကိုင်ထားပါတယ်၊ အပေါ်ပိုင်းကတော့ သစ်တောပါ။ ဘာကို ဖြေလျှော့ပေးထားသလဲဆိုတော့ နေမြဲရှိ နေတဲ့ အိမ်ကိုတော့ ဌာနဆိုင်ရာပိုင်တဲ့မြေကနေ ကင်းလွှတ်ခွင့်ပေးပါတယ်ဆိုပြီး လုပ်ထားပါတယ်။ ရှိသမျှ မြေနေရာ၊ ရေနေရာ မှန်သမျှက ဌာနဆိုင်ရာက ပိုင်ဆိုင်တာ ဖြစ်နေပါတယ်။ အိမ်တိုးချဲ့မယ်ဆို တာနဲ့ ပြဿနာဖြစ်နေတယ်။ ပိတ်ပင်တားဆီးတာနဲ့ ကြုံနေရတယ်။  ။