ဦးကိုနီအား လုပ်ကြံသူ ဆက်စပ်တရားခံများ ဖမ်းမိရေး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဖော်ထုတ်နေ

ဦးကိုနီအား လုပ်ကြံသူ ဆက်စပ်တရားခံများ ဖမ်းမိရေး တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းဖော်ထုတ်နေ
ဦးကိုနီ၏ ဈာပနအား လိုက်လံပို့ဆောင်သူများ(ဓာတ်ပုံ- ထွန်းလင်းထက်/မဇ္ဈိမ)

နေပြည်တော်(ဖေဖော်ဝါရီ ၃ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဇန်နဝါရီ ၂၉ရက်၊ ညနေက ရန်ကုန်လေဆိပ်တွင် ဦးကိုနီအား သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ခဲ့သူတစ်ဦးကို ထပ်မံဖမ်းမိထားပြီဖြစ်ပြီး ဆက်စပ်တရားခံများ ဖမ်းမိရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း ဖော်ထုတ်နေသည်ဟု နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီ ၃ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

“ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် သတင်းကွင်းဆက်ရရှိရေး ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဆက်စပ်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်း စစ်ဆေး ဖော်ထုတ်လျက်ရှိရာ ဖော်ထုတ်ရရှိမှု အခြေအနေများပေါ် မူတည်၍ ပြည်သူသို့ အသိပေး တင်ပြသွားမည်” ဟု သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခင်းဖြစ်ပွားရာ နေရာအနီးတွင်ပင် ဖမ်းဆီးရမိထားသည့် ဦးကိုနီအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်သူ ကြည်လင်းအား စစ်ဆေးဖော်ထုတ်ချက်များနှင့် သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအရ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးဖြစ်သူ အောင်ဝင်းဇော်ကိုလည်း ထပ်မံ ဖမ်းမိထားကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တရားခံ အောင်ဝင်းဇော်အား ဇန်နဝါရီ ၃၀ရက်၊ နံနက် ၄နာရီ ၂၀မိနစ်တွင် ကရင်ပြည်နယ်အတွင်းရှိ သံလွင်တံတား(ဘားအံ)တွင် ထပ်မံဖမ်းမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ပြည်သူများအနေဖြင့် ဘာသာရေးနှင့် လူမျိုးရေး သွေးထိုးလှုံ့ဆောင်မှုများကို အထူး သတိပြုကြရန်၊ ယခုဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းများ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်မှုများ တွေ့ရှိခဲ့ပါက တာဝန်ရှိသူများ အမြန်ဆုံး ဆက်သွယ်အသိပေးကြပါရန် မေတ္တာရပ်ခံလျက် သတင်းထုတ်ပြန်အပ်ပါသည်” ဟု သမ္မတရုံးက ဆိုသည်။

သမ္မတရုံး၏ ယခု သတင်းထုတ်ပြန်ချက်သည် ဒုတိယအကြိမ်ဖြစ်ပြီး ဦးကိုနီ သေဆုံးပြီး နောက်တစ်ရက်အကြာ ဇန်နဝါရီ ၃၀ရက်ကလည်း သတင်းထုတ်ပြန်ထားသေးသည်။ ယင်းထုတ်ပြန်ချက်တွင်မူ “ကနဦး စစ်ဆေးချက်များအရ ထိုဖြစ်စဉ်သည် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်တွေ့ရှိရပါသည်” ဟု ဆိုထားသည်။

တပ်မတော်အနေဖြင့်လည်း ဦးကိုနီသေဆုံးခဲ့ရမှုအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် ပြစ်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းမိရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဇန်နဝါရီ ၃၀ရက်ကတွင်ပင် သတင်းထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် ဦးကိုနီအား သေနတ်သမားတစ်ဦးက အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဦးကိုနီမှာ ဖြစ်စဉ်နေရာတွင်ပင် ဇန်နဝါရီ ၂၉ရက်၊ ညနေ ၅နာရီတွင် သေဆုံးခဲ့ရသည်။

ယင်းအပြင် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ပြီးနောက် ထွက်ပြေးခဲ့သည့် သေနတ်သမားအား လိုက်လံဖမ်းဆီးခဲ့သည့် လေဆိပ်ရှိ အငှားယာဉ်မောင်းများအနက် အငှားယာဉ်မောင်းတစ်ဦးဖြစ်သူ အသက်(၄၈)နှစ်အရွယ် ဦးနေဝင်းမှာလည်း သေနတ်သမားက ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။

နောက်ဆက်တွဲအခြေအနေများနှင့်ပတ်သက်ပြီး လူမှုကွန်ယက်များတွင် အမျိုးမျိုး ပြန့်နှံ့လျက်ရှိနေရာ ပြည်သူများအနေဖြင့် အစိုးရ၏ ထုတ်ပြန်ချက်ကိုသာ အတည်ဟု ယူဆကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဇော်ဝင်းက ဖေဖော်ဝါရီ ၁ရက်တွင် ပြောဆိုထားသည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly