မသန်​စွမ်​းလူငယ်တစ်​ဦးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့မှုအ​ပေါ် တရားစွဲရန် ပြင်ဆင်နေ

မသန်​စွမ်​းလူငယ်တစ်​ဦးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့မှုအ​ပေါ် တရားစွဲရန် ပြင်ဆင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ။            ။ မသန်စွမ်းလူငယ်တစ်ဦးအား အုပ်စုဖွဲ့ရိုက်နှက်ခဲ့မှုအပေါ် မသန်စွမ်းအဖွဲ့ချုပ်မှ တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၊ မသန်စွမ်းအဖွဲ့ချုပ်မှ ဇန်နဝါရီ ၂ ရက်နေ့က ခဝဲခြံမျက်မမြင်ကျောင်း၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၆ရက်နေ့ ည၉နာရီခန့်က ထီရောင်းချသူဖြစ်သော ကိုရဲရင့်နိုင်နှင့် သစ်သီးရောင်းချသူများနှင့် ဖော့ကန်ဈေး၌ ဆိုင်နေရာအငြင်းပွားရာမှ သစ်သီးရောင်းသူများက ထိုးကြိတ်ရိုက်နှက်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ လက်ရှိတွင် သစ်သီးသည် ၄ ဦးအား အင်းစိန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ  ၃၂၅/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ရိုက်နှက်ခဲ့သူများမှာ လေးဦးထက်မက ၇ ဦးရှိနိုင်ကြောင်း တရားလိုဘက်မှ ဥပဒေ အကြံပေး ဦးခင်မောင်မြင့်က ပြောထားသည်။

အဆိုပါ ရိုက်နှက်မှုကြောင့် မွေးရာပါဘယ်လက် ချို့ယွင်းပြီး မသန်စွမ်းလူငယ်တစ်ဦးဖြစ်သော ကိုရဲရင့်နိုင်သည် ဦးခေါင်းဒဏ်ရာရပြီး အကောင်းပကတိဖြစ်သော ညာလက်အခြေအနေ ကျိုးသွားခဲ့သည်ဟု ယနေ့သတင်းစာရှင်းလင်းပွဲတွင် သိရသည်။

ကိုရဲရင့်နိုင်အား သန်စွမ်းသူများက  ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း ကိုရဲရင့်နိုင်၏ မိခင်က ပြောသည်။

"ခြေလက်အင်္ဂါသန်စွမ်းသူတွေရဲ့ မတရားရိုက်နှက်တာ ခံရတယ်ဆိုတော့ အန်တီက မသန်စွမ်းအဖွဲ့ချုပ်ကို အကူအညီတောင်းရခြင်း ဖြစ်ပါတယ်။ သားလေးက မသန်စွမ်းတဲ့ ကလေးတစ်ယောက်၊ ဒါပေမယ့် သူ့ဘဝကို ကြိုးကြိုးစားစား ပိုက်ဆံရှာနေ၊ မိဘကိုလည်း လုပ်ကျွေးနေတာ။ အဲ့လိုဖြစ်တော့ ရင်ထုမနာဖြစ်မိပါတယ်"ဟု မိခင် ဒေါ်ယဉ်ယဉ်နွယ် က ပြောသည်။

ကိုရဲရင့်နိုင်၏ မိခင်ဖြစ်သူက အဆိုပါအမှုအတွက် မသန်စွမ်းအဖွဲ့ချုပ်ကို အကူအညီတောင်း ခံထားပြီး မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်မှ ကိုရဲရင့်နိုင်ဆေးကုသရန် ငွေကြေး ထောက်ပံ့ပေးမည်ဖြစ်ကာ  တရားစွဲဆိုရန်နှင့် ဥပဒေအရေးကိစ္စများကိုပါ အကြံဉာဏ်ပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

"ဥပဒေနဲ့အညီ စွဲဆိုနိုင်တဲ့ တရားရုံးကို စွဲဆိုတင်ပို့နိုင်ရေး ကျွန်တော်တို့ ဆောင်ရွက်သွားမယ်။ ဒီမှာ နှစ်ခု ကျန်တာပေါ့။ တစ်ခုက မသန်စွမ်းသူများအခွင့်အရေး ဥပဒေ ပုဒ်မ ၈၂ နဲ့ စွဲဆိုဖို့ လုပ်သွားမယ်။ ဒါကတော့ ရဲကနေ သူတို့အရေးမပိုင်ဘူး။ စွဲဆိုမပေးနိုင်ဘူးဆိုတဲ့အတွက် ကျွန်တော်တို့က အင်းစိန်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားမှာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ထီလှည်းကို ဖျက်ဆီးပစ်တဲ့အတွက် အကျိုးဖျက်ဆီးမှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၅ အရ စွဲပါမယ်"ဟု ဥပဒေ အကြံပေး ဦးခင်မောင်မြင့် ကပြောသည်။ လက်ရှိအချိန်တွင် ကိုရဲရင့်နိုင်သည် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပုဒ်မ ၇၇ (ခ) တွင် မသန်စွမ်းသူများအား နိုင်ထက်စီးနင်း အကြမ်းဖက်ခြင်း၊တလွဲအသုံးပြုခြင်း၊ အဓမ္မစေခိုင်းခြင်း မပြုရဟုပါရှိပြီး ယခု စွဲဆိုမည့် ပုဒ်မ ၈၂ သည် ပုဒ်မ ၇၇ပါ တားမြစ်ချက်တစ်ရပ်ရပ်အား ဖောက်ဖျက်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁၅ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်၂ ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly