ကမ္ဘာ့ဘဏ်မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကူညီမည်

ကမ္ဘာ့ဘဏ်မှ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကူညီမည်
ဓာတ်ပုံ - World Bank

စစ်တွေ၊ ဖေဖေါ်ဝါရီ ၃ ရက်။                  ။ ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ယခုထက်ပိုမို မြန်ဆန်လာစေရေး ကမ္ဘာ့ဘဏ်မှ ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ခွဲရုံးမှ Country Mannanger Mr. Abdoulaye Seck က ပြောကြားလိုက်သည်။

“ ရခိုင်ပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှာ ကူညီလိုတဲ့ ဆန္ဒရှိပါတယ်။ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ရန် ကြွယ်ဝချမ်းသာမှုကို အားလုံးမျှဝေခံစားနိုင်အောင်လုပ်ဖို့က ကျွန်တော်တို့ရဲ့ အဓိတာဝန်ဖြစ်ပါတယ်။”

ယင်းပြောကြားမှုကို ဖေဖေါ်ဝါရီ ၂ ရက်နေ့က ကမ္ဘာ့ဘဏ်အဖွဲ့ဝင်များနှင့် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုတို့ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘဏ်ရုံးခွဲ၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေး စသော ကျွမ်းကျင်ပညာရှင် ၁၆ ဦး လိုက်ပါခဲ့ပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။
“ စစ်တွေရေနက်ဆိပ်ကမ်း၊ယဉ်ကျေးမှုအမွေအနှစ်များနဲ့ ရေလုပ်ငန်းမှ ဒေသထွက်ကုန်များ ပေါများတဲ့ အခြေခံကောင်းများ ရှိနေခြင်းကြောင့် ခေတ်မီဖွံ့ဖြိုးသော အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နိုင်ဖို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချူပ် ဦးညီပုမှ မှတ်ချက်ပြုခဲ့သည်။

ယခုအချိန်တွင် ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Rakhine State Socio Economic Development Plan) ကို စီမံဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့်   ရေးဆွဲလျက်ရှိပြီး ပြည်ထောင်စုအစိုးရထံမှ အတည်ပြုချက် ရပြီးလျှင် အကောင်ထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်းလည်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်ပြီး “ စိန်ခေါ်မှုတွေကြားက ရခိုင်ပြည်နယ် ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ ယုံကြည်ချက်နဲ့ ရေးဆွဲနေတဲ့ စီမံကိန်းအပေါ်မှာ စီမံကိန်းရဲ့ကြားကာလမှာဖြစ်ဖြစ် သုံးသပ်ချက်ကြည့်ရှုပြီး ပံ့ပိုးကူညီမှုများလုပ်ဆောင်သွားဖို့ ကတိပြုပါတယ်”  ဟု ကမ္ဘာ့ဘဏ်မှ Mr.Abdoulaye Seck က ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required