"စစ်ကိုင်းမြို့ မဟာစင်္ကြာကျောင်း ဆက်လက်မဆောက်လုပ်ရန် သံဃာတော်တစ်ချို့ ကန့်ကွက်"

"စစ်ကိုင်းမြို့ မဟာစင်္ကြာကျောင်း ဆက်လက်မဆောက်လုပ်ရန် သံဃာတော်တစ်ချို့ ကန့်ကွက်"

စစ်ကိုင်း၊ဖေဖော်ဝါရီ ၂ ။          ။ မြစြင်္ကာဆရာတော်ဦးဣန္ဒက(ရွှေကျင်)မှ မဟာစြင်္ကာကျောင်းအမည်ဖြင့် ကျောင်းတိုက်သစ်အား စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တင်းတိပ်ရပ်ကွက်တွင် တည်ဆောက်နေခြင်းကို ဆရာတော်၊ သံဃာတော်တစ်ချို့မှ ကန့်ကွက်ခဲ့ကြသည်။

သုဓမ္မာဂိုဏ်းဝင် ကျောင်းတိုက် ၈ တိုက်ရှိသော တင်းတိပ်အုပ်စုအတွင်း မြစြင်္ကာဆရာတော် ဦးဣန္ဒက(ရွှေကျင်)မှ မဟာစြင်္ကာကျောင်း လာရောက်ဆောင်လုပ်ခြင်းကို ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်ဟု ကန့်ကွက်ဆန္ဒပြ ဆရာတော်များထံမှ သိရသည်။

အဆိုပါ ကန့်ကွက်မှုကို တင်းတိပ်ကျောင်းတိုက်၊ အိမ်ဖြူတောရကျောင်းတိုက်၊ ကံတွင်းကျောင်းတိုက်၊ ထန်းတောကျောင်းတိုက်၊ ဘုရားကြီးကျောင်းတိုက်၊ နန်းကျောင်းတိုက်၊  လေသာကျောင်းတိုက်၊   ပြဿဒ်ကျောင်းတိုက်နှင့် ဥတ္တရာဝန်ကျောင်းတို့ဆရာတော်၊ သံဃာတော် အပါး ၅၀ ကျော်က ဖေဖော်ဝါရီလ ၂ ရက်၊မွန်းလွဲ ၂ နာရီက စစ်ကိုင်းကောင်းမှုတော်ဘုရားမှစတင်၍ မုံရွာ၊ စစ်ကိုင်းလမ်းအတိုင်း အဆိုပါကျောင်းတိုက် တည်ဆောက်ရာနေရာအထိ ချီတက် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ကန့်ကွက်ဆန္ဒပြဆရာတော်များသည် “ စစ်ကိုင်းမြို့နယ်၊ သံဃမဟာနာယကအဖွဲ့၏ အမိန့်သြဝါဒများကို လိုက်နာခြင်းမရှိသော မြစြင်္ကာဆရာတော် ဦးဣန္ဒက(ရွှေကျင်)၏ မဟာစကြာကျောင်း အတင်းအဓမ္မဆောက်လုပ်နေခြင်းအား ဆန့်ကျင်ကြ၊ရှုံ့ချကြ” အစရှိသော စာသားများပါသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ချီတက်ခဲ့ကြသည်။

ဆန္ဒပြ ကန့်ကွက်ရာတွင် ပါဝင်သည့် တင်းတိပ်ရပ်ကွက် ရပ်/ ကျေး၊ သံဃနာယက ဥက္ကဋ္ဌ ဦးကောသလ္လက"ကျောင်းသစ်၊စေတီသစ်တည်ဆောက်မယ်ဆိုရင် သက်ဆိုင်ရာ ရပ်/ကျေး သံဃနာယကအဖွဲ့ကို လျှောက်ထားရပါမယ်။ အခု မလုပ်လို့ တားမြစ်တာပါ။ ဒါကို ဆက်လုပ်ဆောင်နေလို့ အခုလို သံဃာအားနဲ့ ကန့်ကွက်တာပါ "ဟု မိန့်ကြားသည်။

ဆန္ဒပြကန့်ကွက်နေသည့် ဆရာတော်၊ သံဃာတော်များသည် အဆောက်အဦတည်ဆောက်ခြင်းကို အပြီးရပ်တန့်သွားသည်အထိ ဆက်လက်ဆန္ဒပြ ကန့်ကွက်သွားကြမည်ဟု မိန့်ကြားသည်။

မြစြင်္ကာဆရာတော် ဦးဣန္ဒကမှ မဟာစြင်္ကာကျောင်းတိုက် တည်ဆောက်နေခြင်းသည် သက်ဆိုင်ရာသံဃနာယကအဖွဲ့ အစည်းအဆင့်ဆင့်၏ ထောက်ခံချက်၊ ခွင့်ပြုချက်၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်၏ ခွင့်ပြုချက်များနှင့်အတူ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီး၏ ညွှန်ကြားလွှာလုပ်ထုံးလုပ်နည်းများ၊ နိုင်ငံတော်အစိုးရ၏ တည်ဆဲဥပဒေများနှင့် အညီ   ဆောင်ရွင်ထားပြီးဖြစ်ကြောင်း ၎င်းတည်ဆောက်နေသည့် ကျောင်းရှေ့တွင် ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required