ချင်းတွင်းမြစ်အတွင်း ရေယာဉ်နှစ်စီး ထပ်မံတိုက်မိပြန်

ချင်းတွင်းမြစ်အတွင်း ရေယာဉ်နှစ်စီး ထပ်မံတိုက်မိပြန်
ဓါတ်ပုံ- Sagaing Regional Information Page

မုံရွာ၊ ဖေဖော်ဝါရီ ၁ ။            ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့နယ် မန်ဖာအုပ်စု မန်ဖာလေးရွာ အနီး ချင်းတွင်းမြစ်အတွင်းတွင် ဇန်နဝါရီ ၃၁ ရက်က ရေယာဉ်နှစ်စီး ထပ်မံတိုက်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရုံးမှ သိရသည်။

ကလေးဝမြို့နယ် မန်ဖာအုပ်စု မန်ဖာလေးရွာအနီးတွင် ရေယာဉ်နှစ်စီး တိုက်မိခဲ့ပြီး တစီးမှာနစ်မြုပ်ခဲ့သော်လည်း လူအသေအပျောက်မရှိကြောင်း သိရသည်။

မုံရွာမှ ဟုမ္မလင်းသို့ မောင်းနှင်လာသော "ဟိန်းမင်း" အမြန်ကုန်တင်ရေယာဉ် နှင့် ဟုမ္မလင်းမှ မုံရွာသို့ စုန်ဆင်းလာသော "ပြည်တော်အေး" အမြန်ကုန်တင်ရေယာဉ် တို့ တိုက်မိခဲ့ကြခြင်းဖြစ်သည်။

ပြည်တော်အေးကုန်တင်ရေယာဉ်တွင် ဆန် ၂၀ အိတ်၊ ဖွဲအိတ် ၁၀၄ အိတ်၊ ရေနံချေး ၁၅ ပုံး နှင့် ရေယာဉ်လုပ်သား ၉ ဦး တင်ဆောင်လာပြီး ဟိန်းမင်းကုန်တင်ရေယာဉ်တွင် ဒီဇယ် ၂၀၀ ပီပါ၊ ဆန် ၁၀၀ အိတ်၊ ကုန်မျိုးစုံဂျက်ဖာ ၁၀၀ နှင့် ရေယာဉ်လုပ်သား ၅ ဦးတို့ တင်ဆောင်လာကြခြင်းဖြစ်သည်။

ထို့ပြင် ချင်းတွင်းမြစ်အတွင်း ဇန်နဝါရီ ၅ ရက် ညခင်းပိုင်းကလည်း ရေယာဉ်နှစ်စီး တိုက်မိခဲ့ကြပြီး အဆိုပါ ရေယာဉ်နှစ်စီးအား ပြေးဆွဲခွင့် ၆ လ ပိတ်သိမ်းခံခဲ့ရသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly