နာပိုလီတိုက်စစ်မှူး ဂတ်ဘီယာဒီနီကို ဆောက်သမ်တန်အသင်း ခေါ်ယူ

နာပိုလီတိုက်စစ်မှူး ဂတ်ဘီယာဒီနီကို ဆောက်သမ်တန်အသင်း ခေါ်ယူ
 

ဖေဖော်ဝါရီ ၁၊ အင်္ဂလန် ။                   ။ ဆောက်သမ်တန်အသင်းသည် နာပိုလီအသင်းမှ အီတလီလက်ရွေးစင်တိုက်စစ်မှူး ဂတ်ဘီယာဒီနီကို ပြောင်းရွှေ့ကြေး ပေါင် ၁၄ သန်းဖြင့် ခေါ်ယူလိုက်သည်။ အသက် ၂၅ နှစ်အရွယ်ရှိ ဂတ်ဘီယာဒီနီကို ဆောက်သမ်တန်အသင်းက လေးနှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့သည်။

အီတလီလက်ရွေးစင်အသင်းအတွက် ၆ ပွဲ ပါဝင်ကစားထားသည့် ဂတ်ဘီယာဒီနီသည် ၂၀၁၅ ခုနှစ်က ဆမ်ဒိုးရီးယားမှ နာပိုလီသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ နာပိုလီအတွက် ၅၅ ပွဲပါဝင်ကစားခွင့်ရခဲ့ပြီး ၁၅ ဂိုးသွင်းယူပေးခဲ့သည်။

ဆောက်သမ်တန်နှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် ဂတ်ဘီယာဒီနီက ‘ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုက ကမ္ဘာ့အကောင်းဆုံးထိပ်တန်းလိဂ်တစ်ခုမှာ ကစားခွင့်ရရှိဖို့ပါ။ အခုတော့ အဲ့ဒီအခွင့်အရေးကို ရရှိပါပြီ။ ပွဲကစားဖို့ မစောင့်နိုင်တော့ပါဘူး။

အင်္ဂလန်မှာက ကစားသမားတွေအတွက် အထောက်အပံ့ပစ္စည်းတွေနဲ့ အခွင့်အရေးတွေက အီတလီမှာထက် ပိုပြီးတော့ ကောင်းပါတယ်။ ဒီလိုကောင်းမွန်မှုတွေကြောင့်ပဲ ဒီမှာ လာကစားချင်ကြတာပါ’ ဟု ပြောဆိုခဲ့သည်။

ဂတ်ဘီယာဒီနီသည် နာပိုလီအသင်းတွင် ပွဲထွက်ကစားခွင့်မရသည်မှာ နိုဝင်ဘာလကတည်းက ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required