“ သမ္မတ ဦးသိန်းစိန်နဲ့ အုပ်စုကို ပြည်ခိုင်ဖြိုးပါတီထဲက ကန်ထုတ်မယ့် အစီအစဉ် အောင်မြင်မှာလား ”

“ သမ္မတ ဦးသိန်းစိန်နဲ့ အုပ်စုကို ပြည်ခိုင်ဖြိုးပါတီထဲက ကန်ထုတ်မယ့် အစီအစဉ် အောင်မြင်မှာလား ”

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း သမ္မတ ဦးသိန်းစိန်နဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ဝင်တွေကို သူတို့ သက်တမ်း ကုန်ဆုံးချိန် အထိပြည်ခိုင်ဖြိုး ပါတီကနေ ပထုတ်ထားမယ့် ပြင်ဆင်ချက် ဥပဒေကြမ်း တစ်ခုကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းဖို့ကြိုး စားနေပါတယ်။

အရင် စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ဖြစ်ပါတယ်။ ဒီ ဥပဒေ ကြမ်းသာ ဥပဒေအဖြစ် အတည်ပြုနိုင်ခဲ့မယ်ဆိုရင် သမ္မတ ဦးသိန်းစိန်ဟာ သူ့ သမ္မတ သက်တမ်းကာလ တစ်လျှောက် ပြည်ခိုင်ဖြိုး ပါတီဆီကို လုံးဝ ပြန်လာ နိုင်တော့မှာ မဟုတ်တဲ့အပြင် အခြားပါတီ တစ်ခုခုကနေလည်း ရွေးကောက်ပွဲဝင်လို့ ရနိုင်မှာ မဟုတ်ပါ ဘူး။

ဒါတင်မက အခြားပါတီ တစ်ခုခုကို တည်ထောင်ပြီးလည်း ရွေးကောက်ပွဲဝင်နိုင်မှာ မဟုတ်ပါဘူး။ သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက် တဲ့ပြည်သူ့ လွှတ်တော်ရဲ့ အဲဒီ ဆောင်ရွက် ချက် ဘယ်လောက် ခရီးပေါက်နေပြီလဲ၊ အောင်မြင်မှုရော ရနိုင်မှာလားဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

သမ္မတ၊ ဒုသမ္မတ၊ အစိုးရအဖွဲ့ဝင်တွေရဲ့ ပါတီလုပ်ငန်း ဆောင်ရွက်နိုင်မှုနဲ့ ပတ်သက်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ မှာ “နိုင်ငံတော် သမ္မတ၊ သို့မဟုတ် ဒုတိယ သမ္မတများ သည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ၊ သို့မဟုတ် ဒုတိယ သမ္မတ များအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူးသက်တမ်းအတွင်း ယင်းပါတီ အဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ” ဆိုပြီး ဖော်ပြထားပါတယ်။

ဒါက သမ္မတ တာဝန်ထမ်းဆောင်ချိန် ပါတီနိုင်ငံရေးနဲ့ ရှုပ်ထွေးမှု မရှိအောင် ပြဋ္ဌာန်းချက်ပါ။ တစ်ဆက်တည်း အရင် စစ်အစိုးရဟာ သမ္မတနဲ့ အစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲ ဝင်ချိန် လုပ်ကိုင်ဆောင်ရွက်နိုင်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ကို ၂၀၁၀ အောက်တိုဘာ ၂၁ ရက်နေ့မှာ ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ၊ ပုဒ်မ ၇ (ခ)။ မှာ ခုလို ဖော်ပြထားပါတယ်။

“ပုဒ်မခွဲ (က) အရ ဆောင်ရွက်ရာတွင် နိုင်ငံရေး ပါတီ တစ်ခုခု၏ အဖွဲ့ဝင် ဖြစ်လျှင်သော်လည်းကောင်း၊ တစ်သီးပုဂ္ဂလရွေးချယ်ခံခဲ့ သူ ဖြစ်လျှင် သော်လည်းကောင်း၊ သီးခြား တာဝန်ပေးအပ်ခံခဲ့ရသည့် နိုင်ငံသား တစ်ဦး ဖြစ်လျှင် သော်လည်းကောင်း အဆိုပါ ပုဂ္ဂိုလ်သည် နောင်လာမည့် အထွေထွေ ရွေးကောက်ပွဲ တစ်ရပ်ရပ်တွင် ပါဝင်ရွေးချယ်ခံမည့်သူ ဖြစ်ပါက နိုင်ငံသားတစ်ဦးအား ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(က) အရ ပေးအပ်ထားသော ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေရန် အလို့ ငှာရွေးကောက်ပွဲကျင်းပရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည့်နေ့မှ စ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၀ နှင့် ပုဒ်မ ၁၂၁ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ရွေးကောက်ပွဲဆိုင်ရာ ပါတီ စည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း၊ နယ်မြေ စည်းရုံးရေး လုပ်ငန်းများကို လည်းကောင်း ဆောင်ရွက်ခွင့် ရှိသည်” လို့ ဆိုထားပါတယ်။

အဓိပ္ပာယ်ကတော့ သမ္မတနဲ့ အစိုးရအဖွဲ့ဟာ တာဝန်ထမ်းဆောင်ချိန် ပါတီလုပ်ငန်းတွေမှာ ဝင်မပါနဲ့၊ ဒါပေမယ့်ရွေးကောက်ပွဲ ကာလ ကျရင်တော့ နိုင်ငံသားတွေရဲ့ အခွင့်အရေးအတိုင်း ကိုယ်ကြိုက်နှစ်သက်ရာ ပါတီတွေကနေ ရွေးကောက်ပွဲ ဝင်နိုင်တယ်၊ ပါတီ စည်းရုံးရေး လုပ်နိုင်တယ်လို့ ဆိုထားတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အားနည်းချက်တွေ အများအပြား ပါပေမယ့် ဒီ ပြဋ္ဌာန်းချက် နဲ့ ဒီဥပဒေ လိုက်လျောညီထွေရှိ၊ သဘာဝကျတာ တွေ့နိုင်ပါတယ်။

ဒါပေမယ့်လည်း ပြည်ခိုင်ဖြိုးပါတီတွင်းမှာ ပြင်းထန်တဲ့ အကွဲအပြဲတွေ ဖြစ်လာတဲ့အခါ တစ်ဘက်နဲ့ တစ်ဘက် တိုက်ခိုက်မှုတွေ၊ ပါတီတွင်းက ဖယ်ထုတ်ဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။

အဲဒီ အထဲက ထင်ရှားတာကတော့ အခု ဆွေးနွေးနေတဲ့ “ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေ” ကို ပြင်ဆင်ဖို့ ကြိုးပမ်းခြင်းပါ။ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် ဘက်က “ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းများ ” စာသားနေရာမှာ “ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး လုပ်ငန်းများ” ဆိုပြီး ပါတီဆိုတဲ့ စကားလုံးကို ဖြုတ်ပစ်ဖို့ ကြိုးစားခြင်းပါ။

ပါတီ ဆိုတဲ့ စကားလုံးကို ဖြုတ်လိုက်နိုင်ပြီဆိုတာနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲ ကာလတင်မက အစိုးရသက်တမ်းကာလ တစ်လျှောက်လုံး ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်ထားပြီး ဖြစ်မယ့်အပြင်၊ အခြားပါတီ တစ်ခုခုမှာတောင် ပါဝင်လို့ မရဖြစ်သွားစေမှာ ဖြစ်ပါတယ်။

တပ်မတော်သား အမတ်တွေ ကန့်ကွက်ခဲ့ပေမယ့် ဒီပြင်ဆင်ချက် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်ဘက်က အတည်ပြုခဲ့ပါ တယ်။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ်တွေတောင် ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဒါပေမယ့် အဲဒီလို သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ကို ပြည်ခိုင်ဖြိုးက ထုတ်ပယ်သလို လုပ်ကိုင်တာ၊ ရွေးကောက်ပွဲမှာ ပါတီတစ် ခုခု ကျောထောက်နောက်ခံနဲ့ ဝင်ပြိုင်လို့ မရအောင် လုပ်တာကို ဦးခင်အောင်မြင့် ဦးဆောင်တဲ့ အမျိုးသားလွှတ်တော်ဘက် ကတော့ သဘောမတူ ပယ်ချခဲ့ပါတယ်။

တပြိုင်နက်တည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေ ကြေညာရင်း သမ္မတနဲ့ အစိုးရအဖွဲ့တွေ ပါတီစည်းရုံးရေး လုပ်ခွင့်ရှိတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

အမျိုးသား လွှတ်တော်ဘက်က သဘောမတူ ပယ်ချခဲ့တဲ့ အဲဒီ ဥပဒေကြမ်း ဇူလိုင် ၂၂ ရက် မှာတော့ ပြည်သူ့လွှတ်တော် ဘက် ပြန်ရောက်လာပါတယ်။ ထုံးစံအတိုင်း တပ်မတော်သား အမတ် က ဦးဆောင် ကန့်ကွက်ပါတယ်။ ဒီတစ်ကြိမ် အဲဒီအချက် ကို မဲခွဲဆုံးဖြတ်တော့ စက်ခလုတ် နှိပ်ပြီး ဆုံးဖြတ်ပါတယ်။

ဒါကြောင့် သမ္မတ ဦးသိန်းစိန်ကို ပါတီ ကျောထောက်နောက်ခံ တစ်ခုခုနဲ့ ရွေးကောက်ပွဲဝင်ပြိုင်လို့ မရအောင် ကန်ထုတ်တဲ့ လုပ်ရပ်ကို ဘယ်သူတွေ ထောက်ခံ ဘယ်သူတွေ ကန့်ကွက်သလဲ မမြင်ရတော့ပါဘူး။

မဲရေတွက်တော့ ပြင်ဆင်ချက်ကို ထောက်ခံသူ ၁၇၇၊ ကန့်ကွက် ၁၂၈၊ ကြားနေ ၁၁ မဲ ဖြစ်တာကြောင့် အခုတစ်ကြိမ် ကန့်ကွက်တာမှာ တပ်မတော်သား အမတ်တွေတင်မက အင်န်အယ်လ်ဒီလို အတိုက်အခံပါတီ အမတ်တွေပါ ပါဝင်လာပြီလို့ မှန်းဆရ ပါတယ်။

ပထမတစ်ကြိမ်တုန်းက သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ကို ပုဂ္ဂိုလ်ရေး ထိုးနှက်တဲ့ ဒီပြင်ဆင် ချက် အတည်ပြုရာမှာ အင်န်အယ်လ်ဒီ အမတ်တွေ ထောက်ခံခဲ့တဲ့ အမှားကို ပြန်လည်ပြင်ဆင် လိုက်ပုံလည်း ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူ့လွှတ်တော်ထဲက သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး အမတ်တွေရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အုပ်စု ကို ပြည်ခိုင်ဖြိုးပါတီက ထုတ်ပယ်ဖို့ ကြိုးစားတဲ့ လုပ်ရပ်၊ ရွေးကောက်ပွဲမှာ ပါတီတစ်ခုခု ကျောထောက်နောက်ခံနဲ့ ဝင်ပြိုင်လို့ မရအောင် တားမြစ်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ် ဆုံးခန်း မတိုင်သေးပါဘူး။

အခု ဆုံးဖြတ်ချက်ဟာ အမျိုးသားလွှတ်တော်နဲ့ သဘောထား ကွဲလွဲနေတာမို့ ပြည်ထောင်စု လွှတ်တော်ထဲမှာ မဲခွဲအဆုံးအဖြတ် ရယူရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာခင် ရက်ပိုင်းအတွင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်သူ့ လွှတ်တော်ထဲကပြည်ခိုင် ဖြိုး အမတ်တွေရဲ့ သမ္မတ ဦးသိန်းစိန်နဲ့ သူ့အဖွဲ့တွေကို ပြည်ခိုင်ဖြိုး ပါတီထဲက ပထုတ်ထားမယ့် ကြိုးစားအားထုတ်မှု အောင်မြင်မှု၊ ရ မရ မြင်တွေ့ကြရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags