တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့သူများကို အပြစ်မတင်လိုဟု မော်ရင်ဟိုပြော

တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့သူများကို အပြစ်မတင်လိုဟု မော်ရင်ဟိုပြော

ဇန်နဝါရီ ၃၁၊ မန်ချက်စတာ။        ။ မန်ချက်စတာယူနိုက်တက်နည်းပြမော်ရင်ဟိုက တရုတ်စူပါလိဂ်သို့ပြောင်းရွှေ့သည့် မည်သူ့ကိုမဆိုအပြစ်တင်လိုခြင်းမရှိဟု ပြောဆိုလိုက်သည်။

၎င်းအနေဖြင့် တရုတ်စူပါလိဂ်မှ ငွေကြေးပမာဏကြီးမားစွာဖြင့်ကမ်းလှမ်းမှုကို ပယ်ချခဲ့သည့်ဟုလည်း ပြောသည်။ အသက် ၅၄ နှစ်အရွယ်နည်းပြက ကမ်းလှမ်းသည့်ကလပ်နှင့်အချိန်တို့ကို အတိအကျထုတ်ပြောခြင်းမရှိသော်လည်း တရုတ်စူပါလိဂ်သို့ ပြောင်းသူများကို အပြစ်မတင်ကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

ယူနိုက်တက်တိုက်စစ်မှူး ရွန်နီကို တရုတ်စူပါလိဂ်က စိတ်ဝင်စားနေချိန်တွင် မော်ရင်ဟိုက “ငွေကြေးပမာဏက ကြီးမားတယ်။ အတွေ့အကြုံကလည်း စိတ်ဝင်စားစရာဖြစ်စေနိုင်တယ်”ဟု ပြီးခဲ့သည့်တစ်ပတ်က ပြောဆိုခဲ့ရာ ရွန်နီ၏ အိုးထရက်ဖို့ဒ် အနာဂါတ် နှင့်ပတ်သက်ပြီး သံသယများကြီးထွားလာအောင် လုပ်သကဲ့သို့ ဖြစ်ခဲ့ရသည်။

တရုတ်မှကမ်းလှမ်းလှမ်းမှုအကြောင်းထုတ်ပြောခဲ့သည့် မော်ရင်ဟိုသည် ပြီးခဲ့သည်လကလည်း ၎င်းအနေဖြင့် တရုတ်တွင် နည်းပြရန် အသက်ငယ်လွန်းနေသေးသည်ဟု ပြောဆိုခဲ့ဖူးသည်။

“တရုတ်က ငွေအများကြီးနဲ့ကမ်းလှမ်းခဲ့တာကို ကျွန်တော်ငြင်းခဲ့ပေမယ့် ပြောင်းဖို့ဆုံးဖြတ်သူ ဘယ်သူ့ကိုမဆို ကျွန်တော်အပြစ် မတင်ပါဘူး။

ဒါကသူတို့ရဲ့ ရွေးချယ်မှု၊ သူတို့ရဲ့ ဘဝပါပဲ။ သူတို့အနာဂါတ်လိုအပ်ချက်ကို သူတို့သာလျှင် ဆုံးဖြတ်နိုင်ပါတယ်။ တခြား ပရီးမီးယားလိဂ်နည်းပြတွေက ဝေဖန်နေကြပေမယ့် ကျွန်တော်ကတော့ မဝေဖန်ပါဘူး”ဟု မော်ရင်ဟိုက GQ မဂ္ဂဇင်းသို့ ပြောသည်။

Ref; theguardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly