ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ထုတ်ဖော်ချက်များ

ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ ထုတ်ဖော်ချက်များ

ဒေါက်တာ နန္ဒာလှမြင့်  (USDP - ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ဒီဖြစ်စဉ်ကို သုံးသပ်လို့ရှိရင် နံပတ် ၁ ပြောချင်တာက ဆရာဦးကိုနီ ဒီလိုလုပ်ကြံခံရတာက ကျွန်တော်တို့နိုင်ငံသားတစ်ယောက် ပညာရှင်တစ်ယောက် ဆုံးပါးသွားတဲ့အတွက်တော့တကယ်ကို ဆုံးရှုံးမှုတစ်ခုပေါ့။ တကယ့်ကို စိတ်မကောင်းစရာဖြစ်တယ် ။ သူတို့မိသားစုကိုယ်စား ခံစားရတယ်ပေါ့ တစ်ချက်ပေါ့။ နောက်တစ်ချက်ကြတော့ ဒီလိုဖြစ်စဉ်ဖြစ်တာကိုက တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးမှာ အားနည်းချက်ရှိတယ်ဆိုတာကိုက ပြောစရာမလိုလောက်အောင်သိသာသွားပြီလေ။ အရင်ကနဲ့စာရင် ဒီလိုဖြစ်စဉ်မျိုးမဖြစ်တာ ကျွန်တော်တို့ဆီမှာ နှစ်ပေါင်းများစွာရှိနေပြီပဲ။ ဒီလိုမျိုးဖြစ်စဉ်ဟာ ရန်ကုန်မြို့လို လူစည်ကားတဲ့အရပ်၊ တကယ့်နိုင်ငံတကာလေဆိပ်မှာ ဒီလိုဖြစ်တယ်ဆိုတာက တရားဥပဒေစိုးမိုးရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်လာတယ်။ စိုးရိမ်ပူပန်စရာကောင်းလာတဲ့ အနေအထားတွေဖြစ်တယ်။ ဖြစ်စဉ်အရဆိုရင်တော့ ဒီထက်ပိုပြီးတော့ လိုအပ်ချက်တွေရှိလို့ ဒီဖြစ်စဉ်တွေဖြစ်တာပေါ့ဗျ။ ဖြစ်လာတဲ့အပေါ်မှာတော့ ဒါကိုအကောင်းဆုံးလက်ရှိအစိုးရအနေနဲ့ ဒါဘယ်သူ့ကိုမှ အပြစ်ပြောနေလို့မရဘူးလေ။ ဒီချိန်မှာ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးဟာ ကိုယ့်တိုင်းပြည်လုံခြုံရေး၊ ကိုယ့်နိုင်ငံသားတွေရဲ့လုံခြုံရေးအတွက်ကို အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ပြီးတော့မှ  သဘောထားကြီးကြီးတွေနဲ့ ကျွန်တော်တို့အဖြေတွေရှာပြီးတော့ စုပေါင်းညီညွှတ်အားတွေနဲ့ပဲလုပ်သွားရမယ်။ ဒါ အစိုးရမှာတာဝန်ရှိတယ် မှန်သော်လည်းပဲ အဖွဲ့အစည်းအားလုံးမှာ တာဝန်ရှိတယ်။ နိုင်ငံသားတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမြင်တယ် အားလုံးပူးပေါင်းလုပ်ကြမှရမယ် ။ ဒီဖြစ်စဉ်ဖြစ်လာတာ တပ်မတော်မှာ အားနည်းလို့၊ ပြည်ထဲရေးကအားနည်းလို့၊ အစိုးရက အားနည်းလို့၊  ရန်ကုန်တိုင်းအစိုးရက အားနည်းလို့၊ ပြည်ထောင်စုအစိုးရက အားနည်းလို့၊ ရဲတွေအားနည်းလို့၊ ဒါတွေပြောနေရင် ကျွန်တော်တို့ပြီးမှာ မဟုတ်ဘူး။ ဒီဖြစ်စဉ်တွေအပေါ်မှာ အဖွဲ့အစည်းအားလုံး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ အဖွဲ့အစည်းအားလုံး၊ အရပ်ဖက်အဖွဲ့အစည်းတွေအားလုံး၊ ပြည်သူလူထုတွေအားလုံးဟာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှပဲ အဖြေရှာရမယ်။ အဖြေရှာပြီး ဒါကိုကာကွယ်ရမယ်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်

ကျွန်တော်အနေနဲ့ကတော့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေ အများကြီးရှိလာပြီဆိုတာကို ဒါပြယုဂ်တစ်ခုပဲပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာက ကမ္ဘာလှည့်တွေ ရင်းနှီးမြုပ်နှံမယ့်သူတွေ လာသွားတဲ့ဒေသမှာဖြစ်တာဟာ အင်မတန်မှ ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။ အဲဒီတော့ ဒါမျိုးမဖြစ်အောင် ထပ်မံမဖြစ်ဖို့အတွက် အထူးဆောင်ရွက်ဖို့နဲ့ အခြားသောနေရာတွေမှာလည်း လုံခြုံရေးကိုတိုးမြှင့်ချထားသင့်တယ်။ ရဲတပ်ဖွဲ့ဝင်အင်အားကို တိုးပါ။ ရဲတွေကို ယာဉ်ယန္တရားတွေ ပြည့်စုံအောင်ထုတ်ပေးပါ။  အဲဒါမှလည်းပဲ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိတော့မယ် ။ အခုဟာက ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးရေးပြန်လည် ပျက်ပြားသွားတယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အင်မတန်မှ စိတ်မကောင်းစရာကောင်းတဲ့ ရင်နာစရာပဲ။ အခုဗျာ သတင်းထောက်က ကိုပါကြီးရယ် ၊ကိုစိုးမိုးထွန်းရယ်။ ပြီးတော့ ကချင်ဆရာမနှစ်ယောက် ၊ နောက်တစ်ခါကျောင်းဆရာ၊ ပြီးတော့ ရှေ့နေ ၊ နောက်တစ်ခေါက်ကျရင်တရားသူကြီးပါမှာတောင်မှ ကျွန်တော်စိုးရိမ်နေတယ်။ အဲဒါပါပဲဗျာ။

ဒေါက်တာအေးမောင် (ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ )

နေရာရယ် ၊ ဘယ်နေရာဆိုတာကြိုသိနေတာရယ် ၊ဘာကြောင့်အဲ့နေရာမျိုးကိုမှ လုပ်ကြံရတာလည်းနော် ။ တခြားနေရာမှာဆိုရင် လုပ်ကြံတဲ့ပုဂ္ဂိုလ် လွှတ်ကောင်းလွှတ်သွားနိုင်တာပေါ့ဗျာ။ သဘောပြောတာနော် ။ လွတ်စေချင်လို့ပြောတာမဟုတ်ပါဘူး။ အဲ့နေရာမျိုးမှာ ဘာလို့လုပ်ကြံရတာလည်း ဆိုတော့ကျွန်တော်တို့သုံးသပ်တာက ကမ္ဘာကို သို့မဟုတ် ကမ္ဘာဆိုတာအမျိုးမျိုးရှိမှာပေါ့။  ခြိမ်းခြောက်မှုမျိုးစုံကို ကျွန်တော်တို့ကြုံနေရတာကို နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကို ဘာဖြစ်တယ်ညာဖြစ်တယ် ။ ဒါမျိုးလေးလည်း စိုးရိမ်စရာတွေလည်း သတင်းကြားတာကိုဗျ။ တလောကတောင် လွှတ်တော်တောင်မှ လုံခြုံမှုဘာဖြစ်တယ် ၊ ညာဖြစ်တယ်ဆိုတာကို ။ ဒါမျိုးကို လွှတ်တော် ဝင်းအတွင်းမှာကိုလုပ်နေကြတာကို  ။ အခုလိုကာလမှာ အကြမ်းဖက်သမားတွေကို အာရုံစူးစိုက်နေတဲ့ကာလမှာ၊ ဘာကြောင့် အဲ့ဒီနိုင်ငံကပြန်လာတဲ့ ခရီးစဉ်မှာမှ ၊ အဲ့လိုလူမြင်ကွင်းမှာ နိုင်ငံတကာ အာရုံစူးစိုက်နိုင်တဲ့အနေအထားမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာလဲ ဒါကစဉ်းစားရမယ့်တစ်ချက်ပေါ့ ။ အဲ့ဒီအချက်ကို စဉ်းစားရင် ကျွန်တော်တို့ရဲ့ ဂန္ဓီကြီးတောင်မှသူလူတွေရဲ့လုပ်ကြံခြင်းကိုခံရတယ် တခြားလူမဟုတ်ဘူးနော် စဉ်းစားဖို့ နိုင်ငံတကာနဲ့ပက်သက်တဲ့ဟာလေးတွေ ရိုက်ခတ်စေချင်လို့လား။ ပြည်တွင်းမငြိမ်မသက်မှုဖြစ်အောင်များ ရည်ရွယ်တာလား ။ ကျွန်တော်တို့က ယူဆ တွေးကြည့်တာပဲရှိတာပေါ့။ တရားဥပဒေစိုးမိုးမှုအပိုင်းကိုကြည့်ရင် တော်တော်လေးသုံးသပ်ဖို့ ဖြစ်လာတာပေါ့။ သို့သော်လည်းပဲ အခုခရီးစဉ်မှာ ကြည့်ရင် ဦးကိုနီဟာ သာမန်ပုဂ္ဂိုလ်တစ်ဦးပါပဲ။ အစိုးရအဖွဲ့ဝင်ဝန်ကြီးမဟုတ်ဘူး ၊ လွှတ်တော်အမတ်မဟုတ်ဘူး။ လုံခြုံမှုအတိုင်းအတာအရ လုံခြုံမှုစည်းမှာ ဝန်ကြီးဆိုရင်ပိုယူရတာကိုးဗျ။ အမတ်ဆိုရင် လုံခြုံမှုကလျော့သွားတာပေါ့ ။ သာမန်ပုဂ္ဂိုလ်ဆိုရင် တော်တော်လေးကိုလျော့ပါတယ်။ လူထုပေါ့နော် နိုင်ငံသားတစ်ဦးကို သူရဲ့လုံခြုံမှုကိုယူရတဲ့ အဖွဲ့အစည်းတွေ အဲ့လိုယူပေးရတဲ့ ဧရိယာပေါ့နော် ။လေဆိပ်တို့ ရေဆိပ်တို့ ဒါနိုင်ငံတကာ ဒါမျိုးတာဝန်ယူပေးရတဲ့ ဧရိယာပေါ့ဗျာ ။ အဲ့လိုအခင်းအကျင်းမှာဖြစ်တာကိုက လုံခြုံရေးစည်းဟာ ကျိုးပေါက်နေတယ်ဆိုတဲ့ ပြယုဂ်ကိုများပြချင်တာလား ။ ဒါကျွန်တော်တို့ စဉ်းစားစရာလေးကို ပြောတာပါ။ ကျွန်တော်တို့မြင်တာက နိုင်ငံတကာလုံခြုံမှုစည်းပေါ့ဗျ။ အဲဒါလေးတွေ ကျိုးပျက်နေတယ်လို့ ဖော်ညွှန်းချင်လို့လား။ ဒါလေးတွေလည်း စဉ်းစားပါတယ်။ ို စဉ်းစားတဲ့သဘောပါပဲ။ ကျန်တာတော့ မရှိပါဘူး။

ကိုဂျင်မီ ( ၈၈ မျိုးဆက်)

လုံခြုံရေးပိုင်းက အများကြီးလုပ်စရာတွေ ကျန်နေသေးတယ်လို့ပဲ မှတ်ချက်ပေးရမှာပဲ။ ဘာကြောင့်လဲဆိုရင် ဒီမှာ CCTV တပ်ဆင်ထားမှုအခြေအနေက အစပေါ့နော် ။ ကျွန်တော်တို့ ပြန်ပြီးတော့ သတိပြုရလိမ့်မယ် ။ ချုပ်ပြောရမယ်ဆိုရင်တော့ လုံခြုံရေးပိုင်းကို သေသေချာချာပြင်ဆင်ရလိမ့်မယ်။ ဒီလိုဖြစ်စဉ်မျိုးကလည်းကျွန်တော်တို့ နှစ်ပေါင်းများစွာမှာ လုပ်ကြံသတ်ဖြတ်မှုဆိုတာ တစ်ခါမှ အဲ့လိုမရှိခဲ့ဘူးလေဗျာ။ ဒါပထမဦးဆုံးအကြိမ် ကျွန်တာ်တို့ ကြုံရတဲ့ အတွေ့အကြုံပဲ။ ဘာပဲဖြစ်ဖြစ်ဗျာ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ပိုပြီးတော့ ဂရုစိုက်ဖို့ လိုအပ်နေပြီထင်တယ်။  လုံခြုံရေးပိုင်းမှာ ပြည့်စုံမှုမရှိဘူးဆို ကျွန်တော်တို့ ကြေညာတယ်လေ ။ နောက်ပြီးတော့ CCTV တပ်ဆင်ထားမှုရှိတယ်ဗျ ။ ပလက်ဖောင်းဘေး ဆိုတာက မှန်ခန်းကနေပြီး အပြင်ထွက်လို့ရှိရင် ပလက်ဖောင်းကိုရောက်သွားတာပဲ။ အဲဒီတော့ ဒီဘက်အပြင်တွေမှာ CCTV နဲ့မှတ်တမ်းတင်နိုင်တဲ့အနေအထားတွေ ရှိနေတာပဲ။ ဒါတစ်ပိုင်းပေါ့ နောက်တစ်ခုက လက်နက်ကိုင် သေနတ်ကိုင်လာတယ်ဆိုတဲ့ကိစ္စ၊ ဝင်နိုင်မယ့်ကိစ္စလည်း မဟုတ်ဘူးပေါ့ ။ ဒီအခြေနေမှာတော့၊ နောက်ပြီးတော့ အပြင်ဘက်မှာလည်းဖြစ်နေတာကို ။ အပြင်ဘက်မှာလည်းဖြစ်နေတဲ့အခါကျတော့ ဒီအခြေနေကို လေယာဉ်ကွင်းစဝင်တည်းကိုက ၊ လက်နက်ကိုင်နဲ့ပတ်သက်ပြီးကိုက လုံခြုံရေးအရ တင်းကျပ်ဖို့လိုနေပြီဆိုတဲ့အထိကို ကျွန်တော်တို့ ထည့်စဉ်းစားဖို့ လိုပါတယ်။ အဲဒီတော့ ခေတ်မှီနည်းပညာတွေကို အသုံးပြုပြီးတော့ ဒီလက်နက်ကိုင်ထားခြင်း ရှိမရှိဆိုတာ သိအောင်လုပ်ရမှာပေါ့နော်။

ဒေါက်တာ ရန်မျိုးသိမ်း နိုင်ငံရေးလေ့လာ သုံးသပ်သူ

ကျွန်တော့်အမြင်ကတော့ ဒီလိုလူမြင်ကွင်းတစ်ခုမှာ သေနတ်အပစ်ခံရတာကိုတော့ ကျွန်တော့ သက်တမ်းတစ်လျောက်မှာတစ်ခါမှ မကြုံဖူးဘူး။ အဲ့တော့ လက်ရှိအခြေအနေမှာ ဒီမိုကရေစီအပြောင်းအလဲကို ဥိးဆောင်နေတဲ့ ပြည်သူ့အစိုးရက ဦးဆောင်နေတဲ့ခေတ်မှာ ဒါဟာ လုံခြုံရေးစည်းကျိုးပေါက်မှုပဲလို့မြင်တယ်။  အဲ့တော့ လုံခြုံရေးကိစ္စနဲ့ပက်သက်လို့ရှိရင် ဒါအားလုံးမှာတာဝန်ရှိတယ်လို့ ဆိုနိုင်ပေမယ့် အဓိကအားဖြင့် တော့ ဒီ ပြည်ထဲရေးဝန်ကြီးဌာနမှာ အဓိကတာဝန်ရှိတယ်လို့ ပြောရမှာပေါ့လေ။ ဒီလိုဖြစ်စဉ်မျိုးဟာ အင်မတန်မှ ဝမ်းနည်းစရာလည်းကောင်းတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် အင်မတန်မှ အရှက်ရစရာကိစ္စလည်းဖြစ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျွန်တော့အမြင်အနေနဲ့တော့ ဦးကိုနီရဲ့မိသားစုနဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီးတော့လည်း ကျန်ရစ်တဲ့မိသားစုနဲ့ထပ်တူထပ်မျှအင်မတန်မှ ဝမ်းနည်းစရာလည်းကောင်းတယ်။ မြန်မာပြည်အပြောင်းအလဲအတွက်လည်း အင်မတန်မှ နစ်နှာဆုံးရှုံးတယ်ပေါ့လေ။ အမည်းစက်ကြီးတစ်ခုအနေနဲ့ ကျွန်တော်ကတော့မြင်ပါတယ်။

မစုမွန် (ရန်ကုန်မြို့ခံတစ်ဦး)

လုံခြုံမှုတော့ရှိတယ်။ ဒါပေမယ့် ပထမကလိုတော့ ရဲတင်းမှုတော့မရှိတော့ဘူးပေါ့နော်။ အခုဆိုကားမှတ်တိုင်တွေမှာပါ ရဲတွေတွေ့ရတယ်။ ဒါဟာဘာပဲဖြစ်ဖြစ် ပထမနဲ့စာရင် လုံခြုံရေးတင်းကြပ်သွားတယ်လို့ ထင်ပါတယ်။ ခါတိုင်းဆိုရင် ကားမှတ်တိုင်တွေမှာ ရဲတွေမရှိဘူးလေ။ အဲ့ဒါလေးတော့ သတိထားမိတယ်။ ဒါမယ့် နည်းနည်းပါးပါးတော့ ကိုယ်က သတိထားရတာပေါ့နော် ကိုယ်သွားနေလာနေတာလေးတွေကို။ဖြစ်နိုင်မယ် ဆိုရင် ပန်းခြံလိုနေရာမျိုးတွေကလည်း အန္တရာယ်ရှိတဲ့ နေရာတွေပဲလေ။ လူအများသွားလာနေတဲ့အတွက် လုပ်ကြံတဲ့လူတွေ ရှိလားမရှိလား မသိနိုင်ဘူးလေ။ ဒါကြောင့် ဒီလိုနေရာတွေလည်း လုံခြုံရေးထားဖို့ လိုအပ်တယ်လေ။

ကျော်ကျော်နိုင် (ရန်ကုန်မြို့ခံတစ်ဦး)

လုံခြုံမှုအားနည်းလို့ ဖြစ်သွားတာပါ။ ဒီလိုလူကြီးတစ်ယောက် သွားလာမှုတွေမှာ လုံခြုံရေးတော့ လိုအပ်တယ်လေ။ သတိထားဖို့ဆိုတာက နေရာဒေသနဲ့ဆိုင်တာပေါ့နော်။ ကိုယ့်အနေနဲ့လည်း စိတ်လွတ်ဖို့လိုတယ်လေ။

Hon. Charles Santiago (MP, Malaysia)

Chairperson, ASEAN Parliamentarians for Human Rights (APHR)

လေးစားအားကျဖွယ်ကောင်းသည့် ရှေ့နေကောင်းတစ်ဦးဖြစ်သလို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးကိုနီ ယမန်နေ့က လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းကြားကြားချင်း မိမိအနေဖြင့် ကြီးစွာတုန်လှုပ်ဝမ်းနည်းခဲ့မိပါသည်။

ဦးကိုနီ သေဆုံးမှုက မြန်မာနိုင်ငံအတွက်သာမက အာဆီယံနိုင်ငံများအားလုံးအတွက်ပါ ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ခုလည်း ဖြစ်ပြီး ၎င်းမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီခရီးကြမ်းတွင် တောက်လျှောက်ပါဝင်ထားခဲ့သူဖြစ်သကဲ့သို့ လူ့အခွင့်အရေး၊ ဖိနှိပ်ကန့်သတ်မှုတို့နှင့်ပတ်သက်၍လည်း အမှန်တရားဘက်က ရပ်တည် ထုတ်ဖော်ပြောဆိုလာခဲ့သူဖြစ်သည်။  ယခု ၎င်းသေဆုံးခဲ့ရသည့်အတွက် ၎င်း၏ မိသားစု၊ ချစ်ခင်ရသည့် ဆွေမျိုးများ၊ မြန်မာပြည်သူပြည်သားအားလုံးနှင့် ထပ်တူဝမ်းနည်းရကြောင်း ဖော်ပြလိုသည်။

ယခု ဦးကိုနီ လုပ်ကြံခံရခြင်းက နိုင်ငံတွင် တည်ငြိမ်မှု မရှိသေးသည့် ပုံကို ထုတ်ဖော်ခဲ့သကဲ့သို့ ယနေ့အချိန်ထိ  အောင်မြင်ထားသော ပြုပြင်ပြောင်းလဲထားမှုများကိုလည်း ခြိမ်းခြောက်နေလျက်ရှိသည်။

အမေရိကန်သံရုံးထုတ်ပြန်မှု

ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရသည့်သတင်းကြောင့် မိမိတို့ များစွာ တုန်လှုပ်မိပါသည်။ ၎င်း၏ မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများနှင့် ထပ်တူ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပြီး  ဦးကိုနီမှာ နိုင်ငံနှင့်ပြည်သူပြည်သားတို့အတွက် ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးတို့အတွက် ပါဝင်လုပ်ဆောင်မှုများကြောင့် ပြည်တွင်းပြည်ပတွင်ပါ လူအများ၏ လေးစားအားကျခံရသူလည်း ဖြစ်သည်။

ဆွီဒင်သံရုံး ထုတ်ပြန်မှု

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် အခြား အပြစ်မဲ့သူတစ်ဦး ယမန်နေ့က လုပ်ကြံခံရမှု ဖြစ်စဉ်ကြောင့် မိမိတို့ ဆွီဒင်သံရုံးအနေဖြင့် များစွာတုန်လှုပ်ဝမ်းနည်းမိပါသည်။

၎င်းတို့၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းမိပါကြောင်း ပြောကြားလိုပြီး ယခုကဲ့သို့ စာနာစိတ်ကင်းမဲ့သည့် အကြမ်းဖက်မှုအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချလိုသည်။

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး တိ့ုအတွက် ကာကွယ်မြှင့်တင်ပေးရေးပိုင်းတွင် ဦးကိုနီတစ်ယောက် လုပ်ဆောင်သွားခဲ့သည့် တန်ဖိုးများကို မိမိတို့ ဆက်လက်အားပေးထောက်ခံသွားမည်ဖြစ်သည်။

Esther Htusan (အေပီသတင်းထောက်)

" ဦးကိုနီဟာ အမြဲတမ်းပဲ အမှန်တရားပဲ ပြောတဲ့သူပါ၊ ကျွန်မတို့ နိုင်ငံအတွက် ကျောက်ဆောင်တစ်ခုလို အမှန်တရားဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့တဲ့သူပါ" ဟု မြန်မာနိုင်ငံရဲ့ ပထမဆုံး ပူလစ်ဇာဆုရ အေပီသတင်းထောက်  Esther Htusan က လူမှုကွန်ရက်ပို့စ်တစ်ခုတွင် ရေးထားသည်။

Josef Benedict (လက်ထောက်ဒါရိုက်တာ၊ Amnesty International)

" ထင်ရှားကျော်ကြားတဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ ဦးကိုနီ လုပ်ကြံခံရတာက လုပ်ကြံသတ်ဖြတ်မှုရဲ့ ဝိသေသလက္ခဏာရပ်တွေအားလုံးပါဝင်နေတဲ့ ကြောက်မက်ဖွယ် လုပ်ရပ်တစ်ခုဖြစ်ပါတယ်။  အာဏာပိုင်တွေအနေနဲ့ စေ့စပ်သေချာပြီးလွတ်လပ်တဲ့ဘက်မလိုက်တဲ့ စုံစမ်းဖော်ထုတ်မှု ချက်ချင်းစတင်ဖို့တောင်းဆိုလိုပါတယ်၊ ယင်းကဲ့သို့ အကြမ်းဖက်ဖြစ်စဉ်မျိုးကို အလေးထားဖြေရှင်းရမယ်ဆိုတဲ့ ထုတ်ဖော်မှုမျိုးလုပ်ဆောင်ရမှာလည်း ဖြစ်ပါတယ်

 International Crisis Group

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရခြင်း၏ နောက်ကွယ်က ရည်ရွယ်ချက်နှင့် ပတ်သက်၍ သိရှိရသေးခြင်းမရှိသော်လည်း ယင်းမှာ အမုန်းတရား အခြေခံသည့် အမှုအခင်းတစ်ခု၏ လက္ခဏာရပ်အားလုံး ရှိနေသည်ဟု မြန်မာနိုင်ငံအရေး အနီးကပ်စောင့်ကြည့်နေသည်ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required