ဦးကိုနီ ထိုးခဲ့တဲ့ အန္တရာယ် အချက်ပေး ခေါင်းလောင်းသံ

ဦးကိုနီ ထိုးခဲ့တဲ့ အန္တရာယ် အချက်ပေး ခေါင်းလောင်းသံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ယမန်နေ့က လုပ်ကြံသတ်ဖြတ် ခံရခြင်းက မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီ အလားအလာ မျှော်မှန်းချက်တို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အလားတူပဲ သူ့ရဲ့ မိသားစုအတွက်လည်း ဝမ်းနည်းစရာ အဖြစ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့စေခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်လို့ ကျွမ်းကျင် အပိုင်နိုင်ဆုံးသူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ ဦးကိုနီဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  အားအထားရဆုံး အကြံပေးပုဂ္ဂိုလ်တစ်ဦးလည်း   ဖြစ်သလို မွတ်ဆလင် အသိုင်းအဝိုင်းရဲ့ အထင်ပေါ်ဆုံးသော ရှေ့နေတစ်ဦးလည်းဖြစ်ပါတယ်။

ရန်ကုန်လေဆိပ်လိုနေရာမျိုးတွင် နေခင်းကြောင်တောင် လုပ်ကြံ ပစ်ခတ်ခံလိုက်ရတဲ့ ဖြစ်စဉ်မှာတော့ ဦးကိုနီဟာဆိုရင် မြေးငယ်ကို ချီရင်း အိမ်ပြန်ဖို့ စောင့်ဆိုင်းနေစဉ် လုပ်ကြံခံလိုက်ရတာလည်း   ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့်တော့ ပစ်ခတ်လုပ်ကြံသူ သေနတ်သမားထက် ပိုမိုအားကြီးတဲ့ အင်အားစုတွေက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အပေါ် တိုက်ရိုက် စော်ကား ခြိမ်းခြောက် တိုက်ခိုက်လိုက်တာလို့လည်း ယူဆရမှာပဲဖြစ်ပါတယ်။

ခုချိန်ထိတော့ သေနတ်သမားနဲ့ပတ်သက်လို့ သိပ်မသိရသေးတာ၊ သေနတ်ကို သူဘယ်ကနေ ရလာတာ ဆိုတာနဲ့ သူ့ရဲ့ ခုလို လုပ်ကြံရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်အစစ်က ဘာလဲဆိုတာ မသိရသေးပေမယ့် ဒီပစ်ခတ် သတ်ဖြတ်မှုဖြစ်စဉ်အပေါ်မှာ လျှော့တွက်ထားလို့တော့ မရပါဘူး။ ဒီဖြစ်စဉ်မှာ အခြေခံဥပဒေကို ပြင်ဆင်ရေး လုပ်ဆောင်နေတာတွေကို ကန့်သတ် တားဆီးဖို့ အတွက် ဦးကိုနီကို ပစ်သတ်ခဲ့တာလား ဒါမှမဟုတ် သူဟာ မွတ်ဆလင် တစ်ယောက်ဖြစ်နေလို့ သတ်ခဲ့တာလား ဆိုတာတွေကိုတော့ အတည်ပြု ကောက်ချက်ချဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့်လည်း နိုင်ငံအတွက်ကတော့ အလွန်အရေးကြီးတဲ့ စိန်ခေါ်မှုတွေ ရှိလာပြီပဲဖြစ်ပါတယ်။ ခုလောလောဆယ်မှာတော့ ဒီလုပ်ကြံမှုအပေါ်မှာ စနစ်တကျ စုံစမ်းစစ်ဆေးရေးက အရေးကြီးလှသလို နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကလည်း မြန်မာအစိုးရအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးဖို့ ပြင်ဆင်သင့်ပါတယ်။

ဦးကိုနီဟာဆိုရင် ၂၀၁၅ ခုနှစ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ မဲဆွယ်ကာလ တုန်းကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပိုင်းနဲ့ပတ်သက်လို့ ကျွမ်းကျင်ပညာရှင် ရှေ့နေတစ်ဦးအနေနဲ့ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ်။ အလားတူ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့သက်ဆိုင်တဲ့ အနာဂတ်ဆွေးနွေးပွဲတွေ၊ Debate တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အဓိကကျတဲ့ သူအဖြစ် ရှိနေနိုင်မယ့်သူလည်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကလည်း သူမတို့ ပါတီအစိုးရ အာဏာရလာပြီးနောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်လို့ အပြောအဆို နည်းပါးသွားတယ် ဆိုပင်သော်ငြားလည်း စစ်အစိုးရ ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုတော့ ပြင်ဆင်ချင်တဲ့မျှော်လင့်ချက်တွေ ဆက်ရှိနေသေးဆဲလို့ ယူဆလို့လည်း ရနိုင်ပါတယ်။ ယင်းဖွဲ့စည်းပုံမှာလည်း ဒီမိုကရေစီ ရှုထောင့်ကနေ ကြည့်ရင် အပြစ်အနာအဆာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း သမ္မတဖြစ်မယ့်အရေးကနေ တားဆီးခဲ့သလို ဖြစ်ခဲ့ပါတယ်။

ယင်းလိုမျိုး အရေးပါတဲ့ အချက်တွေ ပြင်ဆင်ဖို့ မစွမ်းသာသေးဘူးဆိုရင်တောင်မှ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကို ထူထောင်နိုင်ရေး ညှိနှိုင်းဖို့အတွက်တော့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးရာ ပြေလည်အောင် ဆွေးနွေးမှုတွေလုပ်ဖို့  ဖွဲ့စည်းပုံကို ပြင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ ခုလိုမျိုး ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ရှေ့မှာခံနေတဲ့ အတားအဆီးတွေကတော့ နိုင်ငံရဲ့ ဒီမိုကရေစီအပေါ် တိုက်စားနေလျက်ရှိသလို တိုင်းရင်းသားတွေ နေထိုင်တဲ့ ပြည်နယ်ဒေသတွေမှာလည်း ဆယ်စုနှစ်များစွာကြာ ပဋိပက္ခစစ်ပွဲတွေ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ချက်တွေကိုပါ ထိပါးစေလျက် ရှိပါတယ်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေ၊ ၂၀၁၃ က မိတ္ထီလာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေနောက်ပိုင်း မြန်မာအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုရော လိုအပ်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဖို့ တိုက်တွန်းမှုတွေ ရှိခဲ့ပေမယ့် ထင်သလောက် လုပ်ဆောင်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ မိတ္ထီလာ ဖြစ်စဉ်ဖြစ်ပြီး တစ်နှစ်အကြာ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာ အမုန်စကား ထုတ်ဖော်ပြောကြားခြင်းနဲ့ ပတ်သက်လို့ ထိထိရောက်ရောက်ကိုင်တွယ်ထားခြင်း ရှိမနေခဲ့တဲ့အပေါ် စိုးရိမ်ပူပန်မိကြောင်း ဥရောပ လူ့အခွင့်အရေးဆိုင်ရာ ညွန့်ပေါင်းအုပ်စုက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ဘာသာရေး ယုံကြည် သက်ဝင်မှုအပေါ် လက်မခံဘဲ သည်းမခံတတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် ကုလသမဂ္ဂရဲ့  အသေးစိတ် အချက်အလက်နည်းလမ်းဆောင်ရွက်ချက် Rabat Plan of Action ကို လေ့လာကြည်ရှုဖို့၊ အမုန်းစကားပြောဆိုမှုပိုင်းနှင့် ပတ်သက်၍ ဘာသာရေး ဒါမှမဟုတ် ကိုးကွယ် ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့်ဆိုင်ရာ ကုလအထူးအကြံပေးပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်တွေကို စုံစမ်းစစ်ဆေးဖို့ အဲဒီတုန်းက မြန်မာအစိုးရကို ကျွန်တော်တို့ တိုက်တွန်းခဲ့ပါတယ်။

တစ်ဘက်မှာလည်း နိုင်ငံတွင်း မတူကွဲပြား အုပ်စုများအကြား အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနဲ့ သည်းမခံမှုတွေကို ဆန့်ကျင်ကာကွယ်မှု စတာတွေကို တိုးမြင့်စေမယ့် လုပ်ငန်းတွေအတွက် ငွေကြေး ထောက်ပံ့ပေးမှုတွေ တိုးမြင့်လုပ်ဆောင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ တိုက်တွန်းခဲ့ကြပါတယ်။

အလားတူ နိုင်ငံမှာ တိုးမြင့်ဖြစ်ပေါ်လာခဲ့တဲ့ ဘာသာရေးဆိုင်ရာ အထိအခံတိုက်ခိုက်မှုတွေကို ကိုင်တွယ် ဖြေရှင်းရေးနည်းလမ်းတွေ ရှာဖွေဖို့ အဆင့်မြင့် အစည်းအဝေးညီလာခံတစ်ခုကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။ ယုံကြည်ကိုးကွယ်မှု မတူညီကြတဲ့အုပ်စုတွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အုပ်စုတွေအားလုံးပါဝင်တဲ့ ညီလာခံတစ်ရပ်ကို ကျင်းပဖု့ိ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ " တကယ်လို့ ဒီလို ပြဿနာမျိုးကို ဦးစားပေးကိစ္စအနေနဲ့ မကိုင်တွယ်ဘူးဆိုရင်တော့ နောက်ထပ် အကြမ်းဖက်မှုတွေ၊ နိုင်ငံတွင်းမှာ လူနည်းစုဘာသာဝင်တွေနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ် ခွဲခြားဖိနှိပ်နိုင်မယ့် အခြား ဥပဒေမူဝါဒတွေရှိလာနိုင်တဲ့အရေး စိုးရိမ်မိတယ်" ဆိုပြီး ကျွန်တော်တို့ သတိပေးခဲ့ကြပါတယ်။

ယခုဆိုရင် သုံးနှစ်တောင် ကြာခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ တောင်းဆိုထားချက်တွေအပေါ်မှာတော့ နားပိတ် ထားကြဆဲဖြစ်ပါတယ်။

ယမန်နေ့က ဖြစ်ပေါ်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ရော၊ တစ်ခြားသော နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့  လုံခြုံရေးအတွက်ပါ စိုးရိမ်စရာတွေ ဖြစ်လာခဲ့ရပြီဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ဇူလိုင် ၁၉ တုန်းက လုပ်ကြံခံရမှုမတိုင်ခင်ကလည်း သူ့ရဲ့ အကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ် ကားဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတာကိုလည်း ကျွန်တော်တို့ မေ့လျော့မထားသင့်ပါဘူး။ ဦးတင်ထွဋ်ဟာဆိုရင် နိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သလို ပင်လုံသဘောတူစာချုပ်နဲ့ ဆွေးနွေးမှုတွေမှာ အဓိကကျတဲ့ နေရာကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သမိုင်းက နောက်တစ်ကြိမ် ထပ်ဖြစ်မလာနိုင်ဘူးဆိုပြီးတော့ပဲ ကျွန်တော်တို့ မျှော်လင့်ရမှာ ဖြစ်ပေမယ့် ယခုအချိန်မှာ ဒီမိုကရေစီ အစိုးရတက်လာတာ တစ်နှစ်ပြည့်မြောက်တော့မယ့်အချိန် ယခုဖြစ်ခဲ့တဲ့ ဦးကိုနီလုပ်ကြံခံရမှုဖြစ်စဉ်ကြောင့် အန္တရာယ် အချက်ပေးခေါင်းလောင်း မြည်လာတာကို ပြသနေပြီဖြစ်ပါတယ်။

ဦးကိုနီ ဖြစ်စဉ်ကြောင့် ဝမ်းနည်းကြေကွဲနေရချိန်မှာပဲ NLD အနေနဲ့ ယခုအခါမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စ၊ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခစစ်ပွဲတွေကိစ္စနဲ့ ဘာသာရေး စတာတွေနဲ့ပတ်သက်လို့ အလေးထား ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့လည်း မြန်မာအစိုးရကို ကူညီပေးဖို့အတွက် အိုင်ဒီယာတွေ၊ ကျွမ်းကျင်မှုတွေ၊ ငွေကြေးထောက်ပံ့မှုတွေနဲ့အတူ အသင့် အနေအထားမှာ ရှိနေရမှာဖြစ်ပါတယ်။ ဒီလိုသာ မလုပ်နိုင်ဘူးဆိုရင်တော့ ယမန်နေ့က ဖြစ်စဉ်ဟာ ဦးကိုနီတစ်ဦးတည်း လုပ်ကြံသတ်ဖြတ် ခံလိုက်ရတာ သက်သက်မဟုတ်တော့ဘဲ  ပိုမိုကောင်းမွန်တဲ့၊ ဒီမိုကရေစီ နည်းကျတဲ့ တည်ငြိမ်အေးချမ်းတဲ့ မြန်မာနိုင်ငံဖြစ်လာနိုင်ရေး ကျွန်တော်တို့ရဲ့ အိမ်မက်တွေပါ ရိုက်ချိုးခံရမယ့်အရေး ကြုံလာရစရာ ဖြစ်နေပါတယ်။ ဒီအခြေအနေကိုတော့ ကျွန်တော်တို့ မဖြစ်မနေ ကာကွယ်သွားကြရပါမယ်။

(ဆောင်းပါးရှင် Benedict Rogers ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနဲ့ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူဟာ Christian Solidarity Worldwide မှာ East Asia Team Leader အဖြစ် လုပ်ကိုင်နေလျက်ရှိပြီးတော့ "Burma: A Nation of the Crossroads" အပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်၍လည်း စာအုပ်သုံးအုပ် ရေးသားခဲ့သူဖြစ်ပါတယ်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required