ရထားလာနေစဉ် ဖြတ်ကူးသော သားအမိနှစ်ဦးကို အသက်စွန့် ကယ်တင်သွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် မီးရထားဝန်ထမ်း

ရထားလာနေစဉ် ဖြတ်ကူးသော သားအမိနှစ်ဦးကို အသက်စွန့် ကယ်တင်သွားခဲ့သည့် ဘင်္ဂလားဒေ့ရှ် မီးရထားဝန်ထမ်း

ဇန်နဝါရီ ၂၈ ။                ။ ရထားလာနေသည်ကို သတိမထားမိဘဲ ဖြတ်ကူးရန် ကြိုးစားခဲ့သော သားအမိနှစ်ဦးကို ကယ်တင်ရင်း မီးရထားဝန်ထမ်းတစ်ဦး ရထားတိုက်ခံသေဆုံးသွားသည့် ဖြစ်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်သွားခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇန်နဝါရီ ၂၈ ရက်တွင် ပြောသည်။

ဇန်နဝါရီ ၂၇ ရက်က ရထားတစ်စီး အရှိန်မြင့် လာနေချိန် မိခင်နှင့် သမီး သားအမိနှစ်ဦး ဖြတ်ကူးရန် တာဆူနေသည်ကို မီးရထားလမ်း ထိန်းသိမ်းပြုပြင်ရေးဝန်ထမ်း အသက် ၅၈ နှစ်အရွယ် ဘက်ဒယ် မီရာ ဆိုသူ တွေ့လိုက်ရချိန် ဝင်ကယ်ခြင်းဖြစ်ကြောင်း မီးရထားဌာနမန်နေဂျာ အရစ်ဖ် အက်ဇ် ဇမ်မာက ပြောသည်။

ယင်းအချိန်က အသက်စွန့်သွားခဲ့သည့် မီရာမှာ မြို့တော်ဒါကာတွင် တာဝန်ကျနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" သားအမိနှစ်ယောက်က ရထားလမ်းကို ဖြတ်ကူးဖို့လုပ်တယ်၊ အဲဒီမှာ ရထားကလည်း အရှိန်ပြင်းပြင်းနဲ့ လာနေတာကို တွေ့တော့ မီရာက ခုန်ပြီး သားအမိနှစ်ယောက် တွန်းထုတ်လိုက်တော့ သူတို့လွတ်သွားပါတယ်၊ ပြီးတော့ သူလည်း လွတ်အောင်ခုန်ရှောင်ဖို့ လုပ်ပေမယ့် နောက်ကျသွားတော့ ရထားတိုက်ခံလိုက်ရတာပါပဲ" ဟု ဇမ်မာက ရှင်းပြသည်။

" မီရာ က အဲဒီဖြစ်စဉ်မှာ ပွဲချင်းပြီး ဆုံးသွားပါတယ်၊ သူ့လို လုပ်ဖော်ကိုင်ဘက်တစ်ဦးကို ခုလိုမျိုး ဆုံးရှုံးလိုက်ရလို့ တုန်လှုပ်နေမိပါတယ်၊ ဘာပဲဖြစ်ဖြစ် မီရာက သတ္တိရှိမှုနဲ့ သူများအတွက် အသက်စွန့်ကယ်တင်တဲ့ စိတ်ကို ကျွန်တော်တို့အတွက် ဥပမာပေး ပြသသွားတာပဲဖြစ်ပါတယ်" ဟု ဇမ်မာ ပြောသည်။

အသက်စွန့်သွားခဲ့ရသည့် မီရာတွင် သားသမီး ရှစ်ဦးကျန်နေရစ်ခဲ့ပြီး ၎င်းမှာ အလုပ်မှ အနားယူရန် လပိုင်းမျှသာ လိုတော့သူဖြစ်ကြောင်းလည်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြနေကြသည်။

ပြီးခဲ့သည့်လကလည်း ယင်းနိုင်ငံတွင် ရထားလားနေစဉ် လမ်းပေါ်ရောက်နေသူ တစ်ဦးကို စွန့်စားပြီး ဝင်ဆွဲကယ်တင်ခဲ့သည့် အသက် ၅၀ အရွယ် ရထားဝန်ထမ်းတစ်ဦးကိုလည်း အာဏာပိုင်များက ဂုဏ်ပြုဆုများ ချီးမြင့်ပေးခဲ့ကြသည်။

ယင်းနိုင်ငံတွင် ခြောက်နှစ်တာအတွင်း အနည်းဆုံး လူပေါင်း ၁၅၂ ဦး မီးရထားတိုက်ခံရကာ သေဆုံးခဲ့ရကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required