ဘာစီလိုနာသို့ ပြောင်းရန်ထက် ကမ္ဘာ့အဆင့်ရှိ လီဗာပူးလ်အသင်းသားသာ ဖြစ်လိုဟု ကော်တင်ဟိုပြော

ဘာစီလိုနာသို့ ပြောင်းရန်ထက် ကမ္ဘာ့အဆင့်ရှိ လီဗာပူးလ်အသင်းသားသာ ဖြစ်လိုဟု ကော်တင်ဟိုပြော

ဇန်နဝါရီ ၂၈၊ လီဗာပူးလ်။                   ။ ဘာစီလိုနာအသင်းသို့ပြောင်းရန် စိတ်ဝင်စားခြင်းထက် ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ လီဗာပူးလ်အသင်း၏ အသင်းသားတစ်ဦးသာ ဖြစ်လိုသည်ဟု ဖိလစ်ပီ ကော်တင်ဟိုက ပြောသည်။

ဘရာဇီးကွင်းလယ်ကစားသမားသည် နိုင်ငံအသင်းဖော် နေမာနှင့်တွဲကစားခွင့်ရမည့် အခွင့်အရေးရနိုင်သော ဘာစီလိုနာထံမှ စိတ်ဝင်စားခြင်းကိုခံရသော်လည်း မကြာသေးမီက လီဗာပူးလ်နှင့်သာ ၂၀၂၁ ထိ စာချုပ်သစ်ချုပ်ခဲ့သည်။

ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများကို လီဗာပူးလ်အသင်းလွှမ်းမိုးနိုင်ခဲ့ပြီး အင်္ဂလိပ်ပထမတန်းဖလား ၁၁ လုံးနှင့် ဥရောပဖလား လေးလုံး ရရှိခဲ့သည့် ၁၉၇၀ မှ ၁၉၈၀ ကာလများက အောင်မြင်မှုမျိုးပြန်ရရန် နည်းပြကလော့ပ်ကိုကူညီပေးလိုသည်ဟု ကော်တင်ဟိုက ပြောသည်။

“ကြောက်စိတ်တွေမရှိဘဲ စွမ်းနိုင်သမျှကစားပြီး ကိုယ့်ကိုယ်ကိုယ်ဖော်ထုတ်နိုင်မယ့်နေရာ တစ်နေရာကို ရှာဖွေရမယ်။ အဲဒီနေရာကိုရှာတွေ့ခဲ့ပြီဆိုရင် ဆက်နေပါ။

ဒီ လီဗာပူးလ်အသင်းဟာ ကျွန်တော်ယုံကြည်တဲ့ ထိပ်ပိုင်းနေရာပြန်ရောက်ဖို့အစီအစဉ် ရှိတဲ့အသင်းပါ။ အဲဒီအတွက် အသင်းသား တစ်ယောက်အဖြစ် ကျွန်တော်ပါဝင်ချင်ပါတယ်။

ပိုင်ရှင်တွေ၊ နည်းပြနဲ့ အသင်းဖော်တွေအထိအားလုံးပဲ။ အသင်းကြီးတွေနဲ့ ရင်ဆိုင်၊ ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ကို ဘယ်အရာကမှ တားဆီးလို့ မရဘူး။ အင်္ဂလန်က ကလပ်တွေ၊ ဥရောပက ကလပ်တွေ။ ဘာစီလိုနာလို အသင်းကြီးမျိုးတောင်ပါတာပေါ့။ ဘာလို့ မဖြစ်နိုင်ရမှာလဲ။

ဒီအသင်းက ခမ်းနားတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်အင်္ဂလန်ကို ပထမဆုံးရောက်လာတော့ အသင်းကလူတိုင်းက မိသားစုလို ကူညီကြတာ မှတ်မိနေသေးတယ်။

အခက်အခဲတွေကို ဖြေရှင်းပစ်ကြတယ်။ ဘောလုံးကိုပဲ ပထမဦးစားပေး၊ ဒုတိယဦးစားပေး တွေးနိုင်အောင်ကို ကူညီကြတာ ကျွန်တော်မှတ်မိသေးတယ်။ တိတိကျကျပြောရရင် ကျွန်တော်ရော၊ ကျွန်တော့်မိသားစုရော အဆင်ပြေနေတယ်ဆိုတာ သံသယရှိစရာကို မလိုပါဘူး”ဟု ကော်တင်ဟိုက ပြောသည်။

စာချုပ်သစ်ချုပ်ဖြစ်ခဲ့ခြင်းနှင့်ပတ်သက်ပြီးလည်း “စာချုပ်ဖို့ဆုံးဖြတ်ရာမှာ အပိုင်းနှစ်ပိုင်းရှိပါတယ်။ ပထမရည်မှန်းချက်က အသင်း ဖြစ်ပြီး နောက်တစ်ခုက မိသားစုပါ။ သူတို့က ကျွန်တော်နဲ့အတူရှိနေကြပါတယ်။

စာချုပ်လိုက်တာက အသင်းရဲ့ဂန္ထဝင်ကစားသမားကြီးတွေဖြစ်တဲ့ ဒဲလ်ဂလစ်ရှ်၊ ရက်ရှ်၊ ဟန်ဆန်၊ ဆူးနက်စ်၊ ဆွာရက်ဇ်၊ ဂျရတ် တို့လို တစ်နေ့မှာဖြစ်လာချင်လို့ပါ။ ကစားသမားတစ်ယောက်ရဲ့အောင်မြင်မှုကို သူ့ရဲ့သစ္စာရှိမှု၊ ဆုဖလားရရှိမှုတွေနဲ့ သတ်မှတ် နိုင်ပါတယ်။ ဒါမှမဟုတ် နှစ်ခုလုံးနဲ့ပေါ့။ အဲဒီအဖွဲ့ထဲပါချင်ရင်တော့ ကျွန်တော်အများကြီး ကြိုးစားရပါဦးမယ်။

ဆုဖလားတွေ ရချင်ပါတယ်။ စာချုပ်က ငါးနှစ်ထပ်ချုပ်ထားတော့ ကျွန်တော့်အတွက် အခွင့်အရေးပေးလာမှာပါ”ဟု ကော်တင်ဟိုက ဆိုသည်။

Ref; goal.com

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required