အိမ်အတွင်းက တိုးတိတ်နေတဲ့ ရှိုက်သံများ

အိမ်အတွင်းက တိုးတိတ်နေတဲ့ ရှိုက်သံများ
အိမ်တွင်းအကြမ်းဖက်ခံ သားကောင် တစ်ဦး

အနီးဆုံး လူအကြမ်းဖက်တာကို ခံနေရတဲ့ အမျိုးသမီးတွေဘက်မှာ ရပ်တည်ပေးမယ့်သူ နည်းပါးနေပါသေးတယ်

သနပ်ခါးပါးကွက်ကြားလိမ်းခြယ်ထားတဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပိုင်ရှင် အသက် ၃ဝဝန်းကျင်ရှိတဲ့ မဝါဝါ(အမည်လွဲ) ဟာ သူရဲ့ခါးသီးတဲ့ အိမ်ထောင်သည်ဘဝဇာတ်ကြောင်းကို မကြာသေးခင်က ရန်ကုန်မြို့ ‘ငြိမ်းချမ်းရေးအတွက် အမျိုးသမီးများအဖွဲ့အစည်း’ရုံးခန်းရဲ့ ထောင့်တစ်နေရာက ထိုင်ခုံလေးမှာ ထိုင်ရင်း မျက်ရည်တွေနဲ့ ပြောပြနေပါတယ်။

“သူနဲ့ ကွဲသွားရင် လွတ်မြောက်ပါပြီ၊ ကျွန်မဘယ်လိုပဲ နေရ၊ နေရပါ” လို့ မဝါဝါက ခံစားချက်တွေ၊ ထိခိုက်နာကျင်မှုတွေ အပြည့်နဲ့ ပြောလိုက်ပါတယ်။

မဝါဝါဟာ မိဘတွေရဲ့ အစီအစဉ်နဲ့ အိမ်ထောင်မကျခင်က အထည်ချုပ်စက်ရုံတစ်ခုမှာ အလုပ်လုပ်ခဲ့ပါတယ်။  ၂၃ နှစ် အရွယ် အိမ်ထောင်ကျပြီးနောက်မှာတော့ ယောကျ်ားဖြစ်သူက အလုပ်လုပ်ခွင့် မပေးတော့တဲ့အပြင် အိမ်ထောင်သည် ဘဝတစ်လျှောက်လုံး ညှဉ်းပန်းနှိပ်စက်တာကို ခံရတာဟာ ငရဲကျနေသလိုပဲလို့လည်း သူကဆိုပါတယ်။ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှု၊ ကိုယ်စိတ်နှလုံးဆင်းရဲစေမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းယိုယွင်း ပျက်စီးနိမ့်ကျစေမှုတွေကို ကိုယ်ဝန်ဆောင်ချိန်ကနေ သမီးငယ် လေးနှစ်ကျော်တဲ့အထိ မဝါဝါတစ်ယောက် ခံစားခဲ့ရတာပါ။

“သူ ကျွန်မကို မသတ်ခင် ကျွန်မသူ့ကို သတ်ပစ်ဖို့အထိ စဉ်းစားခဲ့တယ်” လို့ မဝါဝါက ပြောပါတယ်။

ကွာရှင်းခွင့် မရ၊ ကူသူမဲ့ ကယ်သူမဲ့နေတဲ့ မဝါဝါရဲ့ဘဝအတွက်တော့ ကူကယ်ရာ ကောက်ရိုးတစ်မျှင်ကို ရှာနိုင်ဖို့ သမီးလေးလက်ကိုဆွဲကာ ယောကျ်ားရှိရာ အရပ်ကနေ ထွက်ပြေးခဲ့ရပြီး၊ နောက်ဆုံးမှာတော့ အမျိုးသမီး အကြမ်းဖက်ခံရမှုတွေကို ကာကွယ်တားဆီးပေးနေတဲ့ အဖွဲ့တစ်ခုနဲ့ ချိတ်ဆက်နိုင်ခဲ့ပါတယ်။  ဥပဒေကြောင်းအရ ကွာရှင်းခွင့်ရဖို့ ချိတ်ဆက်လုပ်ဆောင်နေတဲ့ ကာလမှာတောင် ခင်ပွန်းသည်က ခြိမ်းခြောက်ခဲ့တယ်လို့  သူက ရှင်းပြပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စစ်တမ်းတစ်ခုအရ ကမ္ဘာအနှံ့က အမျိုးသမီးသုံးယောက်မှာ တစ်ယောက်ဟာ သူတို့ရဲ့ ဘဝသက်တမ်း တစ်ချိန်ချိန်မှာ ရင်းနှီးကျွမ်းဝင်တဲ့ အဖော်က ဖြစ်စေ၊ အိမ်ထောင်ဖက်က ဖြစ်စေ၊ ချစ်သူက ဖြစ်စေ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာကို ခံစားခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာလူမှုဝန်းကျင်မှာလည်း မဝါဝါလို အိမ်တွင်းအကြမ်းဖက်မှုကို ခါးစီးရင်ဆိုင်နေရတဲ့ အမျိုးသမီးတွေ ဒုနဲ့ဒေး ရှိနေပြီး သူတို့ရဲ့ အသံတွေကတော့ ကနေ့အချိန်ထိ သဲ့သဲ့သာ ကြားရသေးတဲ့ အနေအထား ဖြစ်ပါတယ်။

အိမ်တွင်းအကြမ်းဖက်မှု မြောက်တဲ့ လင်မယားကြား နိုင့်ထက်စီးနင်း ပြုလုပ်မှုတွေကို မြန်မာလူမှုဝန်းကျင်က လူအများစုရဲ့ ‘ကြားသုံးကြား မဝင်ကောင်းဘူး’ဆိုတဲ့ လက်ဆင့်ကမ်း အယူအဆတွေကြောင့် ခံစားနေရတဲ့ သားကောင်တွေရဲ့ အခွင့်အရေးတွေ တိမ်မြှုပ်နေပြီး အကာအကွယ်မရ ဖြစ်နေကြပါတယ်။

တိုင်းရင်းသားပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ၊ အယူဝါဒပေါင်းစုံရဲ့ ရိုးရာ၊ ဓလေ့ထုံးစံ အယူအဆတွေကြားထဲမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံနေရမှန်း မသိဘဲ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာတစ်ခုလို့ ယူဆနေကြဆဲပါ။

အကြမ်းဖက်မှု ပုံစံတွေကတော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာနဲ့ လူမှုစီးပွားပိုင်းဆိုင်ရာ အမျိုးအစားတွေ ဖြစ်ကာ အဲ့ဒီအကြမ်းဖက်မှုတွေကို အများဆုံးရင်ဆိုင်နေရ၊ ပြင်းပြင်းထန်ထန် ထိခိုက် ခံစားနေကြရသူတွေဟာ အမျိုးသမီးတွေပါ။  အိမ်တွင်းအကြမ်းဖက်မှုဆိုတာဟာ လူသားတစ်ယောက်ကို လူ့တန်ဖိုး ပျောက်ကွယ်စေတဲ့ ညှဉ်းပန်းနှိပ်စက်မှု တစ်မျိုးပါပဲ။

မဝါဝါလို အိမ်ထောင်ကျပြီး အလုပ်လုပ်စရာ မလိုတဲ့ အမျိုးသမီးတွေကို အများက အိမ်ထောင်ကျ ကံကောင်းတဲ့ သူလို့  ထင်တတ်ကြပါတယ်။ ဒါပေမယ့် ဒီလို ထင်မြင်ယူဆချက်တွေဟာ “အန္တရာယ်ရှိတဲ့ ရိုးရာယဉ်ကျေးမှု ဆိုင်ရာ ထင်မြင်ယူဆချက်တွေသာ ဖြစ်ပြီး၊ အဲ့ဒီအမျိုးသမီးတွေဟာ စီးပွားရေးအရ အကြမ်းဖက်ခံရသူသာ ဖြစ်တယ်” လို့ ဥပဒေရေးရာကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ ညွှန်ကြားရေးမှူး  ဒေါ်လှလှရီက ပြောပါတယ်။

 ဥပဒေရေးရာ ကုစားရေးအဖွဲ့၏ ညွှန်ကြားရေးမှူး၊ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီ

အိမ်ထောင်သည် အမျိုးသမီးတွေ မိမိဆန္ဒမပါဘဲ ဘာအလုပ်မှ လုပ်ခွင့်မရှိခြင်းဟာ ပုဂ္ဂလိကဘဝ လွတ်လပ်မှု၊ လူသားပီသမှု၊ လူသားရဲ့ ရှင်သန်လိုစိတ် အခံကို မတရားချိုးဖျက်ခြင်း ဖြစ်ရုံမက ဇနီးမယားကို လူမှုစီးပွားရေးရာမှာ ယောကျ်ားဖြစ်သူကို လုံးလုံးမှီခိုစေခြင်း၊ တနည်းဆိုရရင် တစ်ဆင့်နိမ့် သွားစေခြင်းလည်း ဖြစ်ကြောင်း အမျိုးသမီးအခွင့်အရေး လုပ်ဆောင်သူတွေက ပြောပါတယ်။

လင်ဝတ္တရားမှာ ‘စားဖိုဆောင်အုပ်စိုးမှုကို မယားအား လွှဲအပ်ခြင်း’ ဆိုပြီး အမျိုးသမီးကို မီးဖိုချောင်ထဲကနေ ပေးမထွက်တဲ့၊ ခေတ်နဲ့လျော်ညီမှု မရှိတဲ့ ရှေးအယူအဆတွေဟာ မျက်မှောက်ကာလ အိမ်ထောင်ရှင် အမျိုးသမီး အများစုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုစီးပွားဆိုင်ရာတွေကို ပိတ်ပင်ကန့်သတ်ရာ ရောက်နေပါတယ်လို့  အမျိုးသမီးအရေး   ဆောင်ရွက်နေသူတွေက   ထောက်ပြကြပါတယ်။  မြန်မာနိုင်ငံက အိမ်ထောင်သည် အမျိုးသမီးတွေဟာ မယားဝတ္တရားငါးပါး ကျေပွန်ရမယ်ဆိုတဲ့ သတ်မှတ်ချက် အစဉ်အလာကြားမှာ မိန်းမကောင်းဖြစ်ချင်စိတ်နဲ့ လူမှုရေးဆိုင်ရာ ဖိအားပေးခံရမှုတွေကို ခံစားလာကြရတယ်လို့လည်း သူတို့က ဆိုပါတယ်။

“အိမ်ထောင်တစ်ခုမှာ လူသားဆန်မှုတွေ ပျောက်ဆုံးသွားတာနဲ့အမျှ အိမ်တွင်းအကြမ်းဖက်မှုတွေကို ဖြစ်ပွားစေသလို၊ လူမှုရပ်ရွာမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေဟာလည်း ပိုမိုပေါများလာရတယ်” လို့ အမျိုးသမီးအရေး လှုပ်ရှားနေတဲ့ သင်္ဂဟအဖွဲ့ရဲ့စီမံကိန်းမန်နေဂျာ ဦးဘီလီကံမြတ်က ပြောပါတယ်။

 သင်္ဂဟအဖွဲ့၏ စီမံကိန်းမန်နေဂျာ ဦးဘီလီကံမြတ်

ဥပဒေရေးရာ ကုစားရေးအဖွဲ့ (မြန်မာ) ရဲ့ အကြမ်းဖက်မှုစစ်တမ်းတွေအရ သူတို့အဖွဲ့ရဲ့ ရန်ကုန်ရုံးချုပ် အရေးပေါ် ဆက်သွယ်ရေး Hot Line ဖုန်းတွေကတစ်ဆင့် မေးမြန်းဖြေဆိုပေးရတာ ၇၃၄ မှု၊လူကိုယ်တိုင် လာရောက်တိုင်ကြား ၃၇၄ မှုရှိပါတယ်။ အဲဒီအထဲမှာ အိမ်ထောင်ဖက်၊ မိသားစုဝင်၊ ရင်းနှီးကျွမ်းဝင်သူနဲ့ လက်တွဲဖော်တွေကြောင့်ဖြစ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုဟာ ၇၅ ရာခိုင်နှုန်း ရှိနေတာပါ။

ဒီအချက်အလက်တွေကို ကြည့်လိုက်ရင် မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အိမ်တွင်းအကြမ်းဖက်ခံရမှု အခြေအနေကို မှန်းဆကြည့်နိုင်မှာ ဖြစ်ပါတယ်။

ဥပဒေပြဋ္ဌာန်းချက်တွေ ရှိသော်ငြားလည်း၊ ဥပဒေဟာ လူထုကြား သက်ရောက် ပျံ့နှံ့မှုမရှိဘဲ အသုံးမဝင် ဖြစ်နေတဲ့ အချက်ဟာ ခင်ပွန်းသည်ရဲ့ အတင်းအဓမ္မ ကာမအနိုင်ယူ လုပ်ဆောင်ချက်တွေအပေါ် ခါးစီးမျိုသိပ် သည်းခံခဲ့ရတဲ့ မဝါဝါရဲ့ “သူ့ကို ကြောက်နေရတယ်၊ သူ့ရဲ့ဆန္ဒကို အကုန်ဖြည့်ဆည်းပေးရတယ်”  လို့ ပြောတဲ့ စကားတွေနဲ့၊ သူ့ရဲ့ ရင်နင့်ဖွယ် ဘဝဖြစ်စဉ်က သက်သေပြုနေပါတယ်။

“အမျိုးသမီးတစ်ယောက်ဟာ အိမ်ထောင်သည် ဖြစ်ပေမယ့် အလိုမတူရင် ငြင်းပယ်ခွင့် အပြည့်အဝရှိပြီး ခင်ပွန်းသည်က ကိုယ်လက်နှီးနှောပါက မုဒိမ်းမှုမြောက်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုနိုင်တဲ့ အခွင့်အရေး အပြည့်အဝရှိတယ်” လို့ ရှေ့နေဒေါ်လှလှရီက ပြောပါတယ်။

‘မုဆိုးမသာ ဖြစ်လိုက်ချင်တယ်၊ တစ်ခုလပ် တစ်လင်ကွာတော့ မဖြစ်ချင်ဘူး’ ဆိုတဲ့ လူမှုဆိုင်ရာ သတ်မှတ်ချက် အလွဲများကလည်း အမျိုးသမီးတွေကို အကြမ်းဖက်ခံနေရတဲ့ အိမ်ထောင်ရေးမှာ ဖက်တွယ်နေစေတဲ့ အချက်ကြီး တစ်ချက်ပါ။  ဒါကို တစ်ဖက်ကကြည့်ရင် ‘ငါတို့ယောကျ်ားတွေ ဘာလုပ်လုပ် တင့်တယ်တယ်၊ မိန်းမတွေက ငါတို့ရဲ့ ကာမပိုင်မယားပဲ’ ဆိုတဲ့ အမြင်မျိုးတွေကိုလည်း ဖြစ်လာစေတယ်လို့ ကျား-မခွဲခြားမှု တိုက်ဖျက်ရေး ဆောင်ရွက်နေသူတွေက ဆိုပါတယ်။

ယောကျ်ားများသာ အင်အားကြီးတယ်၊ ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ အယူအဆတွေကြောင့် “မုဒိမ်းမှုကြောင့် ရလာတဲ့ ကိုယ်ဝန်ကို တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေပြဋ္ဌာန်းပေးဖို့ တောင်းဆိုရာမှာ၊ ကိုယ်ဝန်ဆိုတာ ဖျက်ချချင်တိုင်း ဖျက်ချလို့ မရဘူး၊ အမျိုးသမီးတွေရဲ့ သားအိမ်ကို နိုင်ငံတော်က ပိုင်တယ်”ဆိုတဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ထိပါးလာစေတဲ့ ပြောဆိုမှုများနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ငြိမ်းချမ်းရေးနဲ့ကျား-မတန်းတူရေး မဟာမိတ်အဖွဲ့ရဲ့ပဲ့ကိုင်ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်းက ပြောပါတယ်။

 ငြိမ်းချမ်းရေးနှင့် ကျား-မတန်းတူရေး မဟာမိတ်အဖွဲ့မှ ပဲ့ကိုင် ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်း

ဒါဟာ ရှေးရိုးစွဲ ဓလေ့ထုံးတမ်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကျားဗဟိုပြုမှုတွေက အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအပိုင်းတွေမှာ ဝင်ရောက်ခြယ်လှယ်ပြီး မမျှတမှုတွေကို ဖြစ်စေတယ်ဆိုတဲ့ သက်သေသာဓကပါပဲ။

“‘လင်နဲ့မယား လျှာနဲ့သွား’ ၊  ‘ကြားသုံးကြား မပါနဲ့’ ၊ ‘အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင် ချစ်မယ်’၊ ‘မယားနဲ့နွား မသနားနဲ့’ ဆိုတဲ့ အယူအဆတွေကြောင့် အမျိုးသမီးအချို့ဟာ သူ့ကိုယ်သူတို့ တန်ဖိုးမရှိတဲ့သူ၊ သိမ်ငယ်စရာကောင်းတဲ့ လူအဖြစ် ခံစားရကာ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုတွေအထိ ဖြစ်လာရပါတယ်” လို့ ကျား-မတန်းတူညီမျှရေး ကွန်ရက်ရဲ့ ညွှန်ကြားရေးမှူး ဒေါ်မေစံပယ်ဖြူက ပြောပါတယ်။

ဒီလို ဆိုရိုးစကားတွေ၊ ဓလေ့ထုံးတမ်းတွေကြောင့် ရပ်ရွာလူမှုဝန်းကျင်မှာ အမျိုးသမီးတွေဘက်က ရပ်တည်ကာကွယ် ဖြေရှင်းပေးမှုမျိုး မပြုတော့ဘဲ ‘လင်မယားချင်းကိစ္စ မဖြေရှင်းပေးနိုင်ဘူး’ ဆိုတဲ့ တုံ့ပြန်မှုတွေသာ အများစုက ရရှိနေကြတာပါ။

မဝါဝါကတော့ ဒီလိုစိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ခန္ဓာကို နေ့စဉ်ရက်ဆက် အညှဉ်းဆဲခံနေရတဲ့အပြင် ပတ်ဝန်းကျင်ရဲ့ စာနာဖေး မဖြေရှင်း ကူညီပေးမှုပါမဲ့နေတာကြောင့် အကြမ်းဖက်ခံရမှုကိုအကြမ်းဖက်မှုနဲ့သာ တုံ့ပြန်ဖို့ အကြိမ်ပေါင်းများစွာ တွေးခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အားနည်းတဲ့ တရားဥပဒေ စိုးမိုးမှု၊ ကျယ်ပြန့် ခိုင်မာအမြစ်တွယ်နေဆဲ ယဉ်ကျေးမှု ဓလေ့ထုံးစံဆိုတဲ့ ရိုက်မချိုး နိုင်သေးတဲ့ အခြေအနေ အရပ်ရပ်တွေကြောင့် မဝါဝါလို မရုန်းထွက်နိုင်သေးတဲ့ အမျိုးသမီးတွေဟာ အိမ်ထဲမှာ နှစ်ပေါင်းများစွာ အကြမ်းဖက်မှုဒဏ်ကို ခံနေခဲ့ကြရပြီး အသံတွေ တိုးတိတ်ပျောက်ကွယ်နေရဆဲ ဖြစ်ပါတယ်။

တိုင်းပြည် တည်ဆောက်ရေးအတွက် အဖိုးတန်လှတဲ့၊ နိုင်ငံလူဦးရေရဲ့ ၅၁ရာခိုင်နှုန်း ကျော်ရှိတဲ့ အမျိုးသမီးတွေဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ နောက်ဆက်တွဲ ဆိုးကျိုးများရဲ့ ရလဒ်အဖြစ် လူ့စွမ်းအားအရင်းအမြစ်တွေ အလဟဿ ဖြစ်ရုံမက လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး ပျောက်ကွယ်ဆုံးရှုံးနေရ တယ်ဆိုတာကို မဝါဝါလို အိမ်တွင်းအကြမ်းဖက်ခံရသူတွေက သက်သေပြနေပါတယ်။

“ကျွန်မအခ ုပန်းရံလိုက်သယ်နေတာ တစ်နေ့ ငါးထောင်ရတယ်။ ကျွန်မဒုက္ခရောက်ရင် ရောက်ပါစေ၊ သမီးလေးကိုတော့ လူတမ်းစေ့အောင် ထားနိုင်ပါတယ်” လို့ ဒုက္ခနွံ အိမ်ထောင်ထဲကနေ ရုန်းထွက်ဖို့ အားယူနေတဲ့ မဝါဝါက ပြောပါတယ်။

အခုအခါမှာတော့ မဝါဝါဟာ အိမ်တွင်းအကြမ်းဖက်ခံ သားကောင်အဖြစ်က ထာဝရလွတ်မြောက်နိုင်ရေးအတွက် ယောက်ျားဖြစ်သူနဲ့ တရားရင်ဆိုင်ဖို့ရာ အဆင်သင့် ဖြစ်နေပါပြီ။     ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly