တိုင်းပြည်တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲနိုင်ဖို့ အရေးကြီးတယ်လို့ သမ္မတဟောင်း ပြော

တိုင်းပြည်တည်ဆောက်ရေးအတွက် ရွေးကောက်ပွဲနိုင်ဖို့ အရေးကြီးတယ်လို့ သမ္မတဟောင်း ပြော
ဂုဏ်ပြုပွဲသို့တက်ရောက်လာသည့် သမ္မတဟောင်း ဦးသိန်းစိန်အား ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များက ကြိုဆိုကြစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 
 

နေပြည်တော်(ဇန်နဝါရီ ၂၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရွေးကောက်ပွဲများတွင် ပါတီအနိုင်ရရှိရေးအတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လဖြင့် ကြိုးပမ်းကြရန် သမ္မတဟောင်းဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်က တိုက်တွန်းလိုက်သည်။

“တိုင်းပြည်ကို ထဲထဲဝင်ဝင် ပါဝင်တည်ဆောက်နိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ ပါတီအနိုင်ရရှိရေးဟာ အရေးကြီးပါတယ်။ ပါတီအနိုင်ရမှ လွှတ်တော်ထဲကို ဝင်နိုင်မှာ ဖြစ်ပါတယ်။ ပါတီအနိုင်ရမှ အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။ သို့မှသာ ပြည်သူကိုဦးဆောင်ပြီး တိုင်းပြည်ကို ထိထိရောက်ရောက် တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ဇန်နဝါရီ ၂၆ရက်၊ ညဦးပိုင်းက ကျင်းပပြုလုပ်သည့် အာဆီယံနှင့် အရှေ့အာရှဆိုင်ရာ စီးပွားရေးသုတေသနအဖွဲ့(ERIA)မှချီးမြှင့်သည့်Grand Prize of 3rd Asia Cosmopolitan Awards 2017 ဆုကိုရရှိခဲ့သည့် ၎င်းအား ဂုဏ်ပြုသည့်အခမ်းအနားတွင် ကျေးဇူးတင်စကားပြောကြားစဉ် ဦးသိန်းစိန်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့နိုင်ငံ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ ကြိုးပမ်းတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ပန်းတိုင်ဟာ အလှမ်းဝေးနေသေးတဲ့အတွက် မျိုးဆက်သစ်တွေနဲ့ လက်ဆင့်ကမ်း တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်”ဟု ဦးသိန်းစိန်က ဆိုသည်။

ဂုဏ်ပြုပွဲအခမ်းအနားတွင် ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ဦးသိန်းစိန်၏ အစိုးရ သက်တမ်းကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ရရှိခဲ့သည့် ဆုတံဆိပ်များနှင့် စပ်လျင်း၍ ရှင်းလင်းတင်ပြခြင်း၊ ပါတီ၏ ဗဟိုကော်မတီဝင် နိုင်ငံခြားရေးဝန်ကြီး(ဟောင်း) ဦးဝဏ္ဏမောင်လွင်က ဆုရရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးမှ ဂုဏ်ပြုကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ဦးသိန်းစိန်မှ ကျေးဇူးတင်စကား ပြောကြားခြင်းတို့ ပါဝင်သည်။

အဆိုပါ အခမ်းအနားတွင် ပါတီဥက္ကဌ ဦးသန်းဌေးက သမ္မတဟောင်း ဦးသိန်းစိန်အား “သမ္မတကြီး” ဟူ၍ ခေါ်ဝေါ်သုံးနှုန်းခဲ့သည်ကို တွေ့ရသည်။ ယင်းသို့ သုံးနှုန်းရခြင်းနှင့်ပတ်သက်ပြီးလည်း ဦးသန်းဌေးက ရှင်းပြခဲ့သေးသည်။

“နိုင်ငံတကာမှာလည်း သမ္မတဟောင်းများကို သမ္မတလို့ပဲ အမည်တပ် ဂုဏ်တင်ခေါ်ဝေါ်ကြတာ တွေ့ရှိရပါတယ်။ လောလောလတ်လတ် အမေရိကန် သမ္မတသစ် Donald Trump ရဲ့ ကျန်းသစ္စာကျိန်ဆိုပွဲမိန့်ခွန်းထဲမှာကိုပဲ President Carter, President Clinton, President Bush, President Obama, Chief Justice Roberts စသဖြင့် သုံးစွဲသွားတာဖြစ်တော့ ကမ္ဘာ့ထုံးစံနဲ့အညီ သမ္မတကြီးဦးသိန်းစိန်လို့ပဲ ခေါ်ဝေါ် သုံးစွဲတင်ပြပါရစေ” ဟု ဦးသန်းဌေးက အခမ်းအနားတွင် ရှင်းပြခဲ့သည်။

ပြီးခဲ့သည့် အစိုးရသက်တမ်း(၅)နှစ်တွင် သမ္မတတာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းစိန်အား အရှေ့တောင်အာရှနှင့် အရှေ့အာရှစီးပွားရေးသုတေသန(ERIA)အဖွဲ့မှ ည့်Grand Prize of 3rd Asia Cosmopolitan Awards 2017 ဆုကို ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ယင်းဆုအား ဦးသိန်းစိန်က ဂျပန်နိုင်ငံတွင် ယခုလ ၁၅ရက်က လက်ခံရယူခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required