ရုပ်ရှင်ရုံတစ်ရာစီမံကိန်းအတွက် မြေနေရာခွင့်ပြုချက်ရရန် အခက်အခဲများ ရှိနေ

ရုပ်ရှင်ရုံတစ်ရာစီမံကိန်းအတွက် မြေနေရာခွင့်ပြုချက်ရရန် အခက်အခဲများ ရှိနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။           ။ မြန်မာ့ရုပ်ရှင်လောက ပြန်လည်ဖွံ့ဖြိုးလာရန် ရည်ရွယ်ပြီး တိုင်းနှင့် ပြည်နယ်များတွင် ရုပ်ရှင်ရုံပေါင်း ၁၀၀ ကို ၂ နှစ် အတွင်း ဆောက်လုပ်မည့်စီမံကိန်းအတွက်   မြေနေရာရရှိရေးနှင့် ပတ်သက်ပြီး အခက်အခဲတစ်ချို့ ဖြစ်ပေါ်နေပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ ကြားဝင်ဖြေရှင်းပေးစေလိုကြောင်း ရုပ်ရှင်လောကသားတစ်ဦးဖြစ်သူ ဒါရိုက်တာ ဇာဂနာက ပြောသည်။

“ကျွန်တော်တို့က ဘယ်နားဆောက်ဆောက် အဲ့ဒီ တိုင်းပြည်နယ်တွေရဲ့ အစိုးရကို ခွင့်ပြုချက်တောင်းနေရတယ်။ အဲ့တာလည်း ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ လုပ်ပေးလိုက်မယ်ဆိုရင်တော့ အခုလိုမပင်ပန်းတော့ဘူးပေါ့နော်။ အခုတော့ ကျွန်တော်တို့ ပင်ပန်းတာပေါ့" ဟု ပြောသည်။

ရုပ်ရှင်ရုံ တည်ဆောက်ရာတွင် ရုံမရှိသေးသော နေရာများ၌ ရွေးချယ်တည်ဆောက်သွားရန် ပြင်ဆင်နေသည်။ သို့သော် နိုင်ငံတော်မူအရ ဝယ်ယူမရနိုင်သော မြေများရှိသလို ဝယ်မည်ဆိုပါကလည်း   ငွေကြေးအရ မတတ်နိုင်သော မြေများရှိနေသည်ဟုလည်း သူကဆက်ပြောသည်။

ဝါရင့်ရုပ်ရှင်လောကသားများ အပါအဝင်အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသည့် Maze ကုမ္ပဏီက အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ရုပ်ရှင်ရုံများကို Paradiso Cinema ဟု အမည်ပေးထားပြီး နိုင်ငံခြားကုမ္ပဏီများ၊ ဘဏ်များ၏ အကူအညီများဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly