ထရမ့်၏ မူဝါဒများကြောင့် လက်တုန့်ပြန်ခံရမည့်အရေးကို မက္ကဆီကိုရောက် အမေရိကန်အသိုင်းအဝိုင်းအကြား စိုးရိမ်နေရ

ထရမ့်၏ မူဝါဒများကြောင့် လက်တုန့်ပြန်ခံရမည့်အရေးကို မက္ကဆီကိုရောက် အမေရိကန်အသိုင်းအဝိုင်းအကြား စိုးရိမ်နေရ

ဇန်နဝါရီ ၂၆ ။                   ။ မက္ကဆီကိုနိုင်ငံနှင့်ပတ်သက်၍ စီးပွားရေးနှင့်လူဝင်မှုကြီးကြပ်ရေး မူဝါဒပိုင်းတွင် ပြောင်းလဲပြင်ဆင်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လာနေမှုများ ရှိနေရာ ယင်းနှင့်ပတ်သက်၍ လက်တုန့်ပြန်ဒဏ်ခတ်ခံရမည့်အရေးကို မက္ကဆီကိုရောက် အမေရိကန်လူထုအကြား စိုးရိမ်နေကြရကြောင်း သိရသည်။

ယခုအခြေအနေများအရ ထိပ်တိုက်တွေ့ရမည့်အရေး သို့ ဦးတည်စေနိုင်ကြောင်း မက္ကဆီအနောက်ပိုင်း ပြည်နယ် Jalisco တွင် နေထိုင်နေကြသည့် အမေရိကန်တစ်ချို့က ပြောသည်။

ယခုအခါ ယင်းနှစ်နိုင်ငံအကြား နယ်စပ်တံတိုင်းကာရံရေးကိစ္စကိုပါလုပ်ဆောင်သွားရန် ထရမ့်က အတည်ပြုလက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

ယခုအခါ ထရမ့်၏ ခြိမ်းခြောက်မှုများကိုရော မက္ကဆီကိုအစိုးရ၏ တုန့်ပြန်ဆောင်ရွက်လာမှုများအပေါ်တွင်ပါ စိုးရိမ်ပူပန်နေရပြီဖြစ်ကြောင်း Jalisco ပြည်နယ် Lake Chapala အနီး နေထိုင်နေကြသည့်အမေရိကန်နိုင်ငံသားများအသင်းမှ အမှုဆောင်ဒါရိုက်တာတစ်ဦးဖြစ်သည့် Terry Vidal က ပြောသည်။

" ခုအခြေအနေက ကျွန်တော်တို့အတွက်တော့ စိုးရိမ်စရာကောင်းနေပါပြီ၊ မက္ကဆီကို အစိုးရဘက်ကဒီကိစ္စနဲ့ပတ်သက်လို့ ပေါ့ပေါ့တန်တန်တော့ ထားမှာမဟုတ်တာသေချာပါတယ်၊ သူတို့ဘက်က သူတို့ရဲ့ကိုယ်ပိုင်အခွင့်အရေးတွေကာကွယ်ဖို့ဆိုပြီး တစ်ခုခု ပြန်ပြီးလက်တုန့်ပြန်လာမှာသေချာပါတယ်" ဟု ၎င်းက ပြောသည်။

Vidal မှာ မက္ကဆီကိုတွင် လာရောက်ပြောင်းရွှေ့နေထိုင်နေသည်မှာ ဆယ်စုနှစ်တစ်စုပင် ကြာခဲ့ပြီဖြစ်ပြီး မက္ကဆီကိုနိုင်ငံသူတစ်ဦးနှင့်ပါ အကြောင်းပါထားခဲ့ပြီဖြစ်သည်။ ယခုအခါတွင်မူ နှစ်ဘက်အကြား ထိပ်တိုက်တွေ့မည့်အဖြစ်မျိုး မလိုချင်ကြောင်းနှင့် အခြေအနေများ အေးဆေးတည်ငြိမ်ရေးသာ မျှော်လင့်ကြောင်း ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required