မိုးခေါင်ရေရှားဒေသမှာ စပါးမျိုးကောင်းမျိုးသန့် ရဖို့ ခက်ခဲ

မိုးခေါင်ရေရှားဒေသမှာ စပါးမျိုးကောင်းမျိုးသန့် ရဖို့ ခက်ခဲ
ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာအနီး ထွန်ယက်နေသော တောင်သူတစ်ဦး

မိုးနည်းရပ်ဝန်းမှာဒေသနဲ့ သဟဇာတဖြစ်၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်ဖို့ လိုအပ်ချက် အများအပြားရှိနေဆဲပါ

ရမည်းသင်း (Myanmar Now) - နိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ တောင်သူတွေမှာ မျိုးကောင်းမျိုးသန့်စိုက်နိုင်ရေးအတွက် လိုအပ်ချက်အများအပြား ရှိနေတယ်လို့ မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံခဲ့တဲ့ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။

ဒေသတွင်း တောင်သူတွေဟာ မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးကိစ္စကို သိပ်အလေးမထားကြသေးဘဲ စိုက်ချိန်ရောက်မှ ကြုံရာမျိုးစပါးတွေ အသုံးပြုကြတယ် လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရဲ့ စိုက်ပျိုးရေးနှင့် မွေးမြူရေးကော်မတီအတွင်းရေးမှူး ဒေါက်တာကျော်နိုင်ဦးက ဆိုပါတယ်။

 ရမည်းသင်းမြို့နယ်၊ ရွှေမြင်တင်တောင်စေတီတော်ရှိရာ ရွှေမြင်တင်တောင်ပေါ်မှ လှမ်းမြင်ရသော လယ်ကွက်များ

“အစိုးရအနေနဲ့ လုပ်သင့်တာကပညာပေးတာတွေပေါ့။ မြို့နယ်တစ်ခုမှာမျိုးအတွက် ဒီလိုစိုက်ရတယ်၊ ဒီလိုစိုက်လို့ထွက်လာတာကို ပြန်စိုက်ရင် ဒီလိုအထွက်တိုးတယ်ဆိုတာကို   တောင်သူတွေ လက်တွေ့မြင်အောင် လုပ်ပေးသင့်တယ်”လို့ စဉ့်ကူးမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဒေါက်တာကျော်နိုင်ဦးက မှတ်ချက်ပေးပါတယ်။

“သီးနှံပေါ်ချိန်မှာ ငွေလိုအပ်ချက်ကြောင့် မျိုးအတွက် သီးသန့်မစိုက်နိုင်ကြသလို မျိုးသိမ်းဖို့လည်း မလုပ်နိုင်တာလည်း ပါတာပေါ့”

ဌာနဆိုင်ရာနဲ့ တောင်သူတွေကြား ဆက်ဆံရေး

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ ဦးမြင့်ဆွေက အစိုးရအဆက်ဆက် စိုက်ပျိုးရေးဌာနက တောင်သူတွေကို ထိထိရောက်ရောက် မကူညီတာမျိုးလို တောင်သူနဲ့ ဌာနဆိုင်ရာတို့ကြားမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့တယ်လို့ သုံးသပ်ပါတယ်။

ရမည်းသင်းမြို့နယ်၊ သမန်းကွင်းအတွင်းရှိ ရိတ်သိမ်းပြီးသား စပါးများကို ချွေလှေ့ရန်ပြင်ဆင်နေကြသော တောင်သူများ

ဌာနကဖြန့်ချိတဲ့ မျိုးစပါးတွေဟာဒေသဈေးကွက်နဲ့ မကိုက်ဘူး၊ တောင်သူတွေအတွက် အသုံးမဝင်ခဲ့ဘူးလို့ အမရပူရမြို့နယ် ကိုယ်စားပြု အမတ် ဦးမြင့်ဆွေက ဆက်ပြောပါတယ်။

မန္တလေးဒေသ ဓာတ်မြေသြဇာကုမ္ပဏီတခုရဲ့ ဖြန့်ချိရေးတာဝန်ခံ ကိုတင့်ဝေထွန်းကလည်း အလားတူ မှတ်ချက်ပေးပါတယ်။

“မျိုးမသန့်တာကိုစိုက်ရင် အထွက်မကောင်းဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းမှာ မျိုးအတွက် သီးသန့်စိုက်ပျိုးကြတဲ့ တောင်သူတွေ ရှားပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့လိုကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး သွင်းအားစုတွေ ဖြန့်ဖြူးပေးတဲ့သူတွေကို မျိုးပါဖြန့်ပေးဖို့ အမြဲတောင်းဆိုတတ်ကြတယ်” လို့ ကိုတင့်ဝေထွန်းက ပြောပါတယ်။

ရမည်းသင်းမြို့နယ်၊ သမန်းကွင်းအတွင်းရှိ နွေစပါးစိုက်ပျိုးဖို့ ပျိုးထောင်ရန်အတွက် လယ်ကန်သင်းဘောင်များကို ပြန်လည်ပြုပြင်နေကြသော တောင်သူများ

ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဌာနဦးစီးမှူး ဦးသက်နိုင်ဝင်းက တောင်သူတွေနဲ့ လက်တွဲကာ မျိုးကောင်းမျိုးသန့်ရရှိရေး ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

တောင်သူအများအပြား မျိုးကောင်းမျိုးသန့်ကို အဓိက အလေးထားစိုက်ပျိုးလာပေမယ့် တောင်သူတိုင်း လက်လှမ်းမီနိုင်ဖို့အထိ ပညာပေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာတော့ ဝန်ထမ်းအင်အား မလုံလောက်မှုက အဓိကအခက်အခဲလို့ သူက ဆက်ပြောပါတယ်။

“ကျွန်တော်တို့မှာ ကွင်းဆင်းဝန်ထမ်း ၁၆ ယောက်ရှိတယ်။ ကျေးရွာအုပ်စုက ၆၄ အုပ်စုရှိတယ်။ ဝန်ထမ်းတစ်ဦးဟာ ကျေးရွာအုပ်စု ၆ အုပ်စုလောက်ကို ကိုင်တွယ်နေရတယ်” လို့ ဦးစီးမှူး ဦးသက်နိုင်ဝင်းက ဆိုပါတယ်။

ဝန်ထမ်းတစ်ယောက်ကိုရွာပေါင်း ၃ဝ နီးပါး တာဝန်ယူနေရတဲ့ သဘောပါ။

“အဲ့ဒီတော့ ရွာတစ်ရွာချင်းစီကိ ုကိုင်တွယ်နိုင်ဖို့ ဝန်ထမ်းတွေ အများကြီးလိုတယ်။ အဲ့ဒီဝန်ထမ်းတွေ သွားလာနိုင်ဖို့ အထောက်အပံ့တွေ အကုန်လုံးလုပ်ဖို့ လိုဦးမှာပါ” လို့ ဦးစီးမှူးက ရှင်းပြပါတယ်။

မန္တလေးခရိုင်အတွင်းမှာဆိုရင် ဌာနဆိုင်ရာတွေက တောင်သူတွေနဲ့ပူးပေါင်းကာမျိုးစပါးသီးသန့်စိုက်ပျိုးတဲ့ စီမံကိန်းဧက ၉ဝဝ အထိရှိပြီးစိုက်ရာသီတခုမှာမျိုးစပါးတင်းပေါင်း ၉ သောင်းကျော်ထွက်ရှိကြောင်းခရိုင် စိုက်ပျိုးရေးဌာနဦးစီးမှူး ဦးကျော်မြင့်ဇော်ကပြောပါတယ်။

မိမိတို့ဒေသကတောင်သူတွေ စိုက်ပျိုးနိုင်တဲ့အနေအထားထက် ပိုလျှံလို့ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးတွေဘက်အထိ ဖြန့်ချိပေးနိုင်ကြောင်းခရိုင်ဦးစီးမှူးကဆိုပါတယ်။

ဌာနဆိုင်ရာကတောင်သူဆီသွားရမယ်

တချို့တောင်သူတွေဟာမျိုးစပါးအတွက် သက်ဆိုင်ရာစိုက်ပျိုးရေးဌာနနဲ့ ကြိုတင်ချိတ်ဆက်ဆောင်ရွက်တာတွေမပြုလုပ်ဘဲနဲ့ စိုက်ခါနီးမှ အသည်းအသန်လိုက်ရှာကြတယ်၊ရရာမျိုးစပါးကိုပဲသုံးကြတဲ့အလေ့အထတွေလည်းရှိနေတယ်လို့ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကစိုက်ပျိုးရေးဘွဲ့ရ တောင်သူကိုထွန်းလွင်ကဆိုပါတယ်။

“စောစောလာယူထားရင် အဆင်ပြေတယ်လို့ စိုက်ပျိုးရေးဌာနကပြောပေမယ့် သူတို့က (တောင်သူတွေက)အဲ့ဒီလိုမလုပ်တတ်ကြဘူးဗျ။ စိုက်ပျိုးရေးဌာနမှာမရတော့မှ အပြင်မှာလိုက်ဝယ်တော့ ဈေးကြီးပေးဝယ်ရတာပေါ့” လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီလို ဖြစ်ရတာကလည်း ဒီဒေသမှာပြောင်းလဲခဲ့တဲ့ ရာသီဥတုရဲ့ အကျိုးသက်ရောက်မှုတွေကြောင့်လည်း ဖြစ်တယ်လို့ ရမည်းသင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးမှူးဦးသက်နိုင်ဝင်းက သုံးသပ်ပါတယ်။

မိုးရေချိန် လက်မ ၃ဝ ဝန်းကျင်ရွာသွန်းတတ်တဲ့ ဒီဒေသမှာ ရာသီဥတုက ပုံမှန် မဟုတ်တော့ပါဘူး။ ၂ဝ၁၅ မှာ မိုးအလွန်နည်းတယ်၊ ၂ဝ၁၆ မှာတော့ မိုးရေချိန် ၆၇ လက်မခန့်အထိ ရွာသွန်းခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးမှူးက ဆိုပါတယ်။

တချို့တောင်သူတွေကစပါးမျိုးကျဲပြီးမှ မိုးမရွာရင် ဆုံးရှုံးနစ်နာတတ်တယ်၊ မျိုးကောင်းမျိုးသန့် သုံးထားပြီးမှ ဆုံးရှုံးရရင် ပိုနစ်နာမယ်ဆိုပြီး ယူဆကြတယ်လို့  ဦးစီးမှူးက ပြောပြပါတယ်။

ဒီဒေသမှာ နည်းပညာအကူအညီပေးနေတဲ့ အဖွဲ့တစ်ခုက Association of Volunteers in International Service (AVIS) ဖြစ်ပါတယ်။

“အပူပိုင်းဒေသမှာက ရာသီဥတုပြောင်းလဲမှုဒဏ်ကြောင့် တောင်သူတွေရဲ့ အကျိုးစီးပွားကိုထိခိုက်နေတာလည်း ကိစ္စရပ်တစ်ခုပဲ။ စိုက်ရမယ့်အချိန် မိုးမရလို့ သီးနှံပျက်တာ၊ မိုးမလိုတဲ့အချိန်  မိုးရွာတာကြောင့် သီးနှံပျက်တာလည်းရှိတယ်” လို့ AVIS အဖွဲ့ရဲ့ ရမည်းသင်းမြို့နယ်၊ စီမံကိန်းမန်နေဂျာ ကိုအောင်စိုးဝင်းက ဆိုပါတယ်။

ရမည်းသင်းမြို့နယ်၊ သမန်းကွင်းအတွင်းရှိ နွေစပါးစိုက်ပျိုးဖို့ မျိုးကျဲပျိုးထောင်နေသော တောင်သူတစ်ဦး

သူတို့အဖွဲ့ဟာ ဒီမြို့နယ်အတွင်းကျေးလက်ဒေသ ၄ ခုမှာဒေသနဲ့ ကိုက်ညီတဲ့ မျိုးစပါးတွေကို စမ်းသပ်စိုက်ပျိုးနေတာ ၃ နှစ်ရှိပါပြီ၊ စပါး ၁၃ မျိုးကိုစမ်းသပ်စိုက်ပျိုးပြီး ဒေသခံတောင်သူတွေကိုပဲ ပြန်အကဲဖြတ်စေတယ်၊ မျိုးစပါးနဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေ၊ နည်းစနစ်တွေကို ကူညီထောက်ပံ့ပေးနေတယ်လို့ သိရပါတယ်။

သူတို့အဖွဲ့နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ရမည်းသင်းမြို့နယ်၊ ဗျဉ်းကပ်ကျေးရွာက ဦးကျော်ဝင်းကတော့ စိုက်ပျိုးရေးနည်းစနစ်တွေ စနစ်တကျ ရနေတယ်၊ လက်တွေ့လည်းသုံးတယ်လို့ ပြောပါတယ်။

“တစ်ဧကကိုတင်း ၁ဝဝနီးပါးအထိ အထွက်တိုးတယ်။ ဒါကိုလက်တွေ့မြင်ရတော့ တခြားတောင်သူတွေလည်း လိုက်လုပ်လာကြပြီ။ ကိုယ့်တောင်သူအချင်းချင်း ဘယ်လိုစိုက်လဲ၊ ဘာတွေသုံးလဲဆိုတာ ပြန်မေးလာကြတယ်” လို့ တောင်သူဦးကျော်ဝင်းက ဆိုပါတယ်။

ဦးကျော်ဝင်းတို့ကို ကူညီတဲ့အဖွဲ့ဟာ ကုလသမဂ္ဂရဲ့ အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေ  (LIFT) အစီအစဉ်ရဲ့ မိတ်ဖက်အဖွဲ့အစည်း IRRI Research နဲ့ လက်တွဲဆောင်ရွက်နေတာပါ။

IRRI Research အဖွဲ့ဟာ မိုးခေါင်မှုနဲ့ ဆားငန်ဒဏ်ခံနိုင်တဲ့ မျိုးစပါးတွေကို စမ်းသပ်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ အစိုးရဌာနတွေက မျိုးသစ်တွေကိုထုတ်လုပ်နိုင်ပေမယ့် မျိုးစစ်မျိုးမှန်တို့ကို လုံလောက်အောင် မျိုးပွား မထုတ်လုပ်နိုင်သေးပါဘူး။ ဒါကြောင့် ပုဂ္ဂလိကကဏ္ဍကနေ မျိုးစေ့ထုတ်လုပ်တာ၊ ဈေးကွက်တင်တာတွေ ဖြစ်လာရေးအတွက် LIFT က ကြိုးပမ်းနေကြောင်း သိရပါတယ်။

စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်ဝင်းက သူတို့ဝန်ထမ်းတွေအနေနဲ့ တောင်သူတွေ လက်လှမ်းမီအောင် နည်းအမျိုးမျိုးနဲ့ ပညာပေးသွားဖို့လိုတယ်လို့ သုံးသပ်ပါတယ်။

“တောင်သူကမလာရင် သူ့ရဲ့အိမ်အထိ သွားသင့်ရင်သွားရမှာပေါ့။ ကျွန်တော်တို့ပြောတဲ့ နည်းပညာတွေကို တစ်ထိုင်တည်း သူတို့နားမလည်ဘူးဆိုရင် သူတို့ဆီ အကြိမ်ကြိမ်သွားရမယ်။ လက်ဖက်ရည်ဆိုင်မှာ တွေ့ရင်လည်းအဲ့ဒီမှာဆွေးနွေးမှာပဲ။ ကျွန်တော်တို့က ပညာကလွဲလို့ ပေးစရာမရှိဘူး။ ကျွန်တော်တို့ ဝန်ထမ်းတွေ သူတို့ဆီသွားနိုင်ဖို့ပဲ အဓိကကျတယ်” လို့ ဦးသက်နိုင်ဝင်းက ပြောလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly