လိုင်စင်သတ်မှတ်ချက်များ မပါရှိဘဲ ရေယာဉ်မောင်းနှင်သူများအား ထပ်မံဖမ်းဆီးထား

လိုင်စင်သတ်မှတ်ချက်များ မပါရှိဘဲ ရေယာဉ်မောင်းနှင်သူများအား ထပ်မံဖမ်းဆီးထား

မုံရွာ၊ ဇန်နဝါရီ ၂၅။             ။ ချင်းတွင်းမြစ်အတွင်းပြေးဆွဲနေသော အမြန်ရေယာဉ်တွင် လိုင်စင်သက်မှတ်ချက် များမပါပဲ မောင်းနှင်သူများအား အမှုဖွင့်ဖမ်းဆီးထားကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယခုလ ၂၃ ရက် မွန်းလွှဲပိုင်းက ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင် လာသောရေယာဉ်(၄)စီးအား ကနီမြို့နယ် ရေယာဉ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရာ လိုင်စင်သက်မှတ်ချက်များမပါရှိခဲ့ကြောင်း သိရသည်။

အဆိုပါရေယာဉ်များတွင် ရေယာဉ်အန္တရာယ် ကင်းရှင်းကြောင်းလက်မှတ် မပါရှိခြင်း၊ ရေယာဉ်အုပ်လက်မှတ်မပါရှိခြင်း၊ လုပ်ငန်းလိုင်စင်မပါရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကနီမြို့နယ် ရေယာဉ်စစ်ဆေးရေးအဖွဲ့မှ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

'အောင်သီဟထွန်း' အမည်ပါ ရေယာဉ် ယာဉ်မောင်းမှာ ရေယာဉ်အုပ်လက်မှတ်မရှိဘဲ မောင်းနှင်နေခြင်း၊ 'ခိုင်နန်းဖြိုး' အမည်ပါ ရေယာဉ်တွင် လုပ်ငန်းလိုင်စင်မရှိဘဲ ပြေးဆွဲနေခြင်း၊ 'ဇမ္မူဟိန်းလင်း' နှင့် 'မိုးမြင့်ထက်' အမည်ပါရေယာဉ်တွင် ဘေးအန္တရာယ်ကင်းရှင်းကြောင်း လက်မှတ် သက်တမ်းကုန်ဆုံးနေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယင်းကြောင့် ကနီမြို့မရဲစခန်းမှ ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေပုဒ်မ ၄၆၊ ၂၀၁၅ခုနှစ် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ပိုင်ခွင့် ဥပဒေပုဒ်မ ၂၃(က)၊ ပြည်တွင်းရေကြောင်းသွား ရေယာဉ် ဥပဒေပုဒ်မ ၄၃ တို့ဖြင့် အမှုဖွင့်ကာ ရေယာဉ်မောင်းနှင်နေသူများအား ဖမ်းဆီးထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်က မန္တလေးဘက်မှ ဖောင်းပြင်မြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာသော ရေယာဉ်တစ်စီးအား ကနီမြို့နယ် ရေယာဉ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရာ လိုင်စင်သတ်မှတ်ချက်များမပါရှိ၍ ဖမ်းဆီးခဲ့ရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required