ပုဂံက စေတီတွေပေါ်တက်ပြီး နေထွက်/ဝင် ကြည့်တာ ခွင့်ပြုတော့မည် မဟုတ်

ပုဂံက စေတီတွေပေါ်တက်ပြီး နေထွက်/ဝင် ကြည့်တာ ခွင့်ပြုတော့မည် မဟုတ်
ငလျင်ဒဏ်သင့် မင်္ဂလာစေတီကို ဒေါ်အောင်ဆန်းစုကြည် ဖူးမြော်နေစဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကမ္ဘာ့ခရီးသွားဧည့်သည်များ အထူးစိတ်ဝင်စားသော ပုဂံဒေသရှိ စေတီပုထိုးများပေါ်တက်ပြီး နေထွက်ချိန်နှင့် နေဝင်ချိန်ကြည့်ခြင်းအပေါ် ရေရှည်တွင့် ခွင့်ပြုလို့မရကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“နေဝင်၊ နေထွက်ကိုကြည့်ဖို့ စေတီပုထိုးပေါ်တွေမှာ ခရီးသွားတွေက တက်ကြတာဟာလည်း ကျွန်မတို့ရဲ့ စေတီ၊ ပုထိုးတွေ ပျက်စီးစေတယ်။ ရေရှည်မှာ ဆက်ပြီး ခွင့်ပြုလို့ရမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇန်နဝါရီ ၂၄ရက်၊ နံနက်ပိုင်းက ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြတိုက်တာဝန်ရှိသူများက ငလျင်ဒဏ်သင့် စေတီပုထိုးများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နေဝင်၊ နေထွက်ချိန်နှင့် ရှုခင်းများ ကြည့်ရှုရာတွင် စေတီပုထိုးများပေါ်သို့ တက်ရောက်ခွင့်ပြုတော့မည်မဟုတ်ဘဲ ကြည့်ရှုနိုင်ရန်အတွက် နေရာများ ရှာဖွေထားပြီးဖြစ်ကာ ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောဆိုခဲ့သည်။

“ကျွန်မတို့နိုင်ငံရဲ့ ရေရှည်အကျိုးကိုကြည့်ပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့ရဲ့ ရေရှည်အကျိုးဆိုတာလည်း ကိုယ့်ရဲ့ ယဉ်ကျေးမှုကို ကောင်းမွန်စွာ ထိန်းသိမ်းတာဟာလည်း ရေရှည်အကျိုးထဲမှာပါတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိတွင် နေထွက်ချိန်နှင့် နေဝင်ချိန်များကို ပြဿကြီးစေတီနှင့် ရွှေဆံတော်စေတီများပေါ်သို့ ခရီးသွားဧည့်သည်များ အများဆုံး တက်ရောက်ကြည့်ရှုကြသည်။

ဘူတန်ဘုရင်၏ ဒွေးတော်ဖြစ်သူကို လိုက်လံပို့ဆောင်ရင်း ပုဂံဒေသသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငလျင်ဒဏ်သင့် စေတီပုထိုးများဖြစ်သည့် မင်္ဂလာစေတီ၊ စိုးမင်းကြီးစေတီနှင့် စေတနာကြီးစေတီတို့ကို နံနက်ပိုင်းက သွားရောက်ဖူးမြော် လေ့လာခဲ့သည်။

ယင်းနောက် နေ့လည်ပိုင်းတွင် ဘူတန်ဘုရင်၏ ဒွေးတော်နှင့်အတူ ဂူပြောက်ကြီးစေတီသို့ သွားရောက်ဖူးမြော်ခဲ့သလို လက်မှုပစ္စည်းများအရောင်းဆိုင်သို့လည်း သွားရောက် လေ့လာခဲ့သေးသည်။

ပုဂံဒေသရှိ ရှေးဟောင်းစေတီများအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုမှု ရရှိရန် UNESCO ကို တင်ပြသွားမည်ဖြစ်ပြီး လက်ရှိအစိုးရသက်တမ်းမကုန်မီ ၂၀၂၀တွင် အသိအမှတ်ပြုမှု ရရှိမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ယနေ့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၅ရက်တွင် ပခုက္ကူမြို့သို့ သွားရောက်ရန်ရှိနေပြီး ၎င်းအနေဖြင့် ၂၀၁၁ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းက သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ် နှင့်အတူ ပုဂံဒေသသို့ လာရောက်ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required