ပြည်သူလူထုလက်ခံမှ ‘ဇုန်’တွေ သတ်မှတ်ဖို့ ပုဂံရောက် ဒေါ်စုပြော

ပြည်သူလူထုလက်ခံမှ ‘ဇုန်’တွေ သတ်မှတ်ဖို့ ပုဂံရောက် ဒေါ်စုပြော
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၂၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ရှေးဟောင်းယဉ်ကျေးမှုဇုန်များ သတ်မှတ်ရာတွင် အစောတလျင် မလုပ်ရန်နှင့် ဒေသခံပြည်သူလူထုလက်ခံမှ သတ်မှတ်ရန် ပုဂံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ဇုန်တွေ သတ်မှတ်တဲ့နေရာမှာ အများပြည်သူ လက်ခံနိုင်တဲ့ပုံစံဖြစ်ဖို့ လိုပါတယ်။ ပြည်သူကို သေသေချာချာ ရှင်းပြပြီးတော့ အကျိုးအကြောင်းညီညွတ်မှုရှိရင် အများပြည်သူက လက်ခံမှာပါ။ ဒါကြောင့် ဇုန်သတ်မှတ်တဲ့ကိစ္စကို အစောတလျင်နဲ့ မြန်မြန်ပြီးမြောက်တဲ့ ပြီးပြီးရောဆိုတဲ့စိတ်ဓာတ်နဲ့ မလုပ်ပါနဲ့” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဇန်နဝါရီ ၂၄ရက်၊ နံနက်ပိုင်းက ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ပြတိုက်တာဝန်ရှိသူများက ငလျင်ဒဏ်သင့် စေတီပုထိုးများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ပြည်သူကို ချပြပြီးတော့မှ ဒီဇုန်တွေကို သတ်မှတ်ပြီးတော့ အတည်ပြုဖို့ဟာ အရေးကြီးပါတယ်။ ပြည်သူနဲ့မဆိုင်ဘူးလို့ မထင်ပါနဲ့။ ပြည်သူနဲ့ ဆိုင်ပါတယ်။ ကျွန်မတို့ပြည်သူတွေစိတ်ပါမှ ကျွန်မတို့ရေရှည် ပုဂံရဲ့အမွေအနှစ်ကို ထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဘူတန်ဘုရင်၏ ဒွေးတော်ဖြစ်သူကို လိုက်လံပို့ဆောင်ရင်း ပုဂံဒေသသို့ ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်သည် ငလျင်ဒဏ်သင့် စေတီပုထိုးများဖြစ်သည့် မင်္ဂလာစေတီ၊ စိုးမင်းကြီးစေတီနှင့် စေတနာကြီးစေတီတို့ကို နံနက်ပိုင်းက သွားရောက်ဖူးမြော် လေ့လာခဲ့သည်။

ယင်းနောက် နေ့လည်ပိုင်းတွင် ဘူတန်ဘုရင်၏ ဒွေးတော်နှင့်အတူ ဂူပြောက်ကြီးစေတီသို့ သွားရောက်ဖူးမြော်ခဲ့သလို လက်မှုပစ္စည်းများအရောင်းဆိုင်သို့လည်း သွားရောက် လေ့လာခဲ့သေးသည်။

ပုဂံဒေသရှိ ရှေးဟောင်းစေတီများအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုမှု ရရှိရန် UNESCO ကို တင်ပြသွားမည်ဖြစ်ပြီး လက်ရှိအစိုးရသက်တမ်းမကုန်မီ ၂၀၂၀တွင် အသိအမှတ်ပြုမှု ရရှိမည်ဖြစ်သည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ယနေ့ ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၅ရက်တွင် ပခုက္ကူမြို့သို့ သွားရောက်ရန်ရှိနေပြီး ၎င်းအနေဖြင့် ၂၀၁၁ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းက သားငယ်ဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ် နှင့်အတူ ပုဂံဒေသသို့ လာရောက်ခဲ့ဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required