ပြည်သူနဲ့ဆက်ဆံရာတွင် အာဏာရှင်ဆန်သည်ဟု NLD တိုင်းကိုယ်စားလှယ်များ တိုင်ကြားခံရ

ပြည်သူနဲ့ဆက်ဆံရာတွင် အာဏာရှင်ဆန်သည်ဟု NLD တိုင်းကိုယ်စားလှယ်များ တိုင်ကြားခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ။               ။ ပြည်သူလူထုနှင့်ဆက်ဆံရာတွင် အာဏာရှင်ဆန်ပြီး မောက်မာစွာ ဆက်ဆံခြင်းများရှိသည်ဟု NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်များ အတိုင်ကြားခံခဲ့ရပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ အများဆုံးဖြစ်သည်ဟု ကိုယ်စားလှယ်တိုင်ကြားစာကော်မတီတာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။

NLD ပါတီဝင် တိုင်းကိုယ်စားလှယ်များ တိုင်ကြားခံရမှုတွင် အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းခြင်း၊ ပြည်သူနှင့် ဆက်ဆံရာတွင် အဆင်မပြေဖြစ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

"မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေနဲ့ ပူးတွဲဆောင်ရွက်မှု အားနည်းတာ၊  ပြည်သူတွေနဲ့ဆက်ဆံတဲ့အခါမှာ မောက်မာတယ်၊ အာဏာရှင်ဆန်တယ်၊ အဲ့ဒီလိုတိုင်ကြားတာ၊ အုပ်ချုပ်ရေးက လုပ်မယ့်အလုပ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်တိုင်ဝင်ရောက်ဆောင်ရွက်တာ အဲ့ဒါမျိုးတွေ များပါတယ်" ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

ကော်မတီသို့ တိုင်ကြားစာပေါင်း ယနေ့အချိန်ထိ ၁၃၃ စောင် ရောက်ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော်ခန့် စစ်ဆေးပြီးဖြစ်ကာ တိုင်ကြားမှုများအားလုံးအား ရန်ကုန်တွင် ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ သို့ပေမယ့် တိုင်ကြားခံရမှုများကို မည်ကဲ့သို့ အရေးယူဆောင်ရွက် သွားမည်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်သွားမည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး "ပြည်သူဟာ သူတိ့ုမကျေနပ်ချက်ကို တိုင်ကြားတာ ကောင်းပါတယ်။ ကိုယ်စားလှယ်ရဲ့ လွဲမှားမှုရှိရင် ထောက်ပြပြောဆိုတိုင်ကြားတာကောင်းပါတယ် ၊ မသမာမှုတွေ့ရင်လည်း တိုင်နိုင်ရမယ် ၊ ဒါမှ တစ်ခြား ကိုယ်စားလှယ်တွေလည်း ထိန်းသိမ်းနိုင်မယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက မှတ်ချက်ပေးပြောဆိုသည်။

ယခုလက်ရှိတွင် ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ရွှေပြည်သာမြို့နယ်အမတ် ဦးဉာဏ်လင်း၊ မြောင်းမြမြို့နယ်အမတ် ဒေါက်တာစိုးမိုးသူနှင့် မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းတို့ (၃)ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ပေးအပ်ထားသည့်တာဝန်နှင့် လွှတ်တော်ကော်မတီတွင် ပေးအပ်ထားသည့် တာဝန်များကို ရုတ်သိမ်းကာ ပါတီစည်းကမ်းအရ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၇ရက်က အရေးယူထားခြင်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း  “အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့”  ဖွဲ့စည်းလိုက်ပြီး အဖွဲ့ခေါင်းဆောင်အဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က တာဝန်ယူမည်ဖြစ်ကာ အဖွဲ့ဝင်များအဖြစ် ဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွှန့်၊ ဦးတင်ထွဋ်ဦးနှင့် ဒေါ်လဲ့လဲ့တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required