ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ် TTP မှ အမေရိကန် နှုတ်ထွက်ရန် ဒေါ်နယ်ထရမ့် အမိန့်ထုတ်

ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်မှုစာချုပ် TTP မှ အမေရိကန် နှုတ်ထွက်ရန် ဒေါ်နယ်ထရမ့် အမိန့်ထုတ်

ဇန်နဝါရီ ၂၄ ။             ။ မဲဆွယ်ကာလအတွင်းက ပြောဆိုထားသည့်အတိုင်း ပစိဖိတ်ဒေသဖြတ်ကျော် ကုန်သွယ်မှု သဘောတူစာချုပ် TPP မှ အမေရိကန် နှုတ်ထွက်ရန် အထူးညွှန်ကြားချက် အမိန့်တစ်ရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုး ထုတ်ပြန်လိုက်ပြီဖြစ်သည်။

အဆိုပါ TPP စာချုပ်မှာ ယခင်သမ္မတ ဘရက်ခ် အိုဘားမား လက်ထက်က ညှိနှိုင်းဆွေးနွေးနေခဲ့သော စာချုပ်ကြီးတစ်ခုဖြစ်ပြီး ကွန်ဂရက်၏ အတည်ပြုသဘောတူညီချက်ရရန် စောင့်ဆိုင်းနေခဲ့ရခြင်းလည်း ဖြစ်သည်။

ယခုအခါတွင်မူ သမ္မတသစ် ဖြစ်လာသော ထရမ့်ကမူ ယင်းစာချုပ်နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်တော့မည်မဟုတ်ဘဲ နိုင်ငံကိုလည်း ယင်းမှ နှုတ်ထွက်သွားရန် ယခုလက်မှတ်ထိုးညွန်ကြားလိုက်ပြီဖြစ်သည်။

" ဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ ပြောလာတာလည်း ကြာခဲ့ပါပြီ၊ ကျွန်တော်ခုလုပ်ပေးခဲ့တာက အမေရိကန်လုပ်သားတွေအတွက် ကောင်းကျိုးတွေ ရလာဖို့ပါပဲ" ဟု ထရမ့်က ပြောကြားသွားခဲ့သေးသည်။ ယခုအခါ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်က အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်းတွင် အဆိုပါ TPP စာချုပ်မှ အမေရိကန်နှုတ်ထွက်ရေး အထူးအမိန့်တစ်ရပ်ကို ၎င်းက လက်မှတ်ထိုးလိုက်ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် အခြားသဘောတူစာချုပ်ကြီးတစ်ခုဖြစ်သော NAFTA နှင့်ပတ်သက်၍လည်း မကြာခင် ပြန်လည်ဆွေးနွေးသွားရန် ရှိနေသည်ဟု ထရမ့်က ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required