YBS အောင်မြင်ပါစေ

YBS အောင်မြင်ပါစေ
ဓာတ်ပုံ-သူရ

မောင်မှန်က ရန်ကုန်သားပါ။ ရန်ကုန်မှာပဲ ကြီးတာပါ။ ခရီးဝေးထွက်နေရတဲ့အချိန်အချို့ကလွဲရင် မောင်မှန်ဟာ ရန်ကုန်မှာ အမြဲနေသူပါ။ မြို့တော်သားအစစ်ပေါ့။ နေပြည်တော်ပေါ်လာမှ ဒုတိယမြို့တော်သားဖြစ်သွားပြီး မျက်နှာငယ်သွားရတော့တာ။ ထားပါတော့။ ပြောချင်တာ ဒါမဟုတ်ပါဘူး။ ရန်ကုန်သားမောင်မှန် ရန်ကုန်ဘတ်စ်ကားကို ယဉ်ပါးခဲ့ပုံလေး နည်းနည်းရေးချင်တာပါခင်ဗျာ။

ရန်ကုန်ဘတ်စ်ကားကို မောင်မှန် ငါးပြား ဆယ်ပြားခေတ်လောက်ကတည်းက စမီပါတယ်။ ချောင်ချောင်ချိချိ သက်သက်သာသာခေတ်ပေါ့။ အဲဒီခေတ်ထဲမှာပဲ “ ကိုးကားကိုစီးစဉ် သံဇကာတွေ ဆီးတားထားတာ… ဟိုးဟိုးဆရာ ရှေ့မှတ်တိုင်မှာ ဆင်းစို့အချစ်ရာ…လမ်းလျှောက်တာ ကောင်းပါတယ် ” ဆိုတဲ့ ကိုင်ဇာသီချင်းပေါ်ခဲ့တယ်။ အမှတ်ကိုး ဘတ်စ်ကားကို ရှေ့နဲ့နောက် အလယ်မှာ သံဇကာပိုင်းခြားထားပြီး ကျား/မ သပ်သပ်စီး ခွဲစီးရတယ်။ ကိုးကားက ရန်ကုန်တက္ကသိုလ်ကိုသွားတာဆိုတော့ တက္ကသိုလ်ကျောင်းသူကျောင်းသား ချစ်သူမောင်နှံများက ဒါကို ကိန္နရာချောင်းခြားသလို သဘောထားကြတယ်။ သီချင်းတောင် လုပ်ဆိုရတဲ့အထိဖြစ်တယ်။ သီချင်းကလည်း အရမ်းပေါက်ခဲ့တာ။ ဘာရည်ရွယ်ချက်နဲ့ အဲသလို သံဇကာခြားခဲ့တယ်တော့ မသိဘူး၊ အမျိုးသမီးတွေအပေါ် ကျရောက်နိုင်ခြေရှိတဲ့ အန္တရယ်တွေကို အကာအကွယ်ပေးချင်လို့ဖြစ်မယ် ထင်ရတာပဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းက အခုလောက် အယုတ်တမာဇာတ်တွေ မများသေးဘူး။ နောက်တော့လည်း ဘာအဆင်ပြေတယ်မသိ သံဇကာစနစ်ပျက်သွားတယ်။ မောင်မှန့်အထင်တော့ ကိုင်ဇာသီးချင်းကြောင့်ဖြစ်မယ်ထင်တယ်။ တက္ကသိုလ် သမီးရီးစားစုံတွဲတွေ ကိုးကားမစီးဘဲ လမ်းလျှောက်ကြလေတော့ ကားတွေဝင်ငွေလျော့လို့ စနစ်ကိုဖျက်သိမ်းလိုက်တာဖြစ်မယ်။

နောက် ရှိသေးတယ်။ နှစ်စီးတွဲယာဉ်ဆိုတာ။ BM ဟီးနိုးကားတစ်စီးက ရှေ့ကမောင်း၊ ခေါင်းတွဲပေ့ါ။ နောက်က ချိတ်ထားတာကလည်း BM ကိုယ်ထည်မျိုးပဲ။ အင်ဂျင်တစ်ခုတည်းနဲ့ ဘော်ဒီနှစ်ခုစာ ခရီးသည်တင်နိုင်တာပေါ့။ ဒါပေမယ့် အဲဒီ နှစ်စီးတွဲမှာ နောက်တွဲ ခဏခဏ ပြုတ်ထွက်တဲ့ပြဿနာရှိတယ်။ အချိန်အကြာကြီး မစီးလိုက်ရပါဘူး။ နောက် မလုပ်တော့ဘူး။ အထူးကားဆိုတာလည်း ရှိခဲ့တယ်။ အမှတ် ၂ ယာဉ်လိုင်းကိုတော့ မှတ်မိတယ်။ BM ဟီးနိုးပါပဲ။ ဆိုဖါတွေ လိုက်ကာတွေနဲ့ သေချာလုပ်ထားတာ။ ကုန်းလမ်း သယ်ယူပို့ဆောင်ရေး (ကပရ) အစိုးရ ယာဉ်လိုင်းပါပဲ။ ကားခ အမြင့်ဆုံး။ အခြားကားတွေ ၁ ကျပ်ဖြစ်နေတဲ့အချိန်မှာ သူက ၂ ကျပ်ယူတယ်။ မှတ်တိုင်တိုင်းလည်း မရပ်ဘူးထင်တယ်။ ဒါလည်း ကြာကြာ မခံလိုက်ပါဘူး။

အဆက်ဆက်သော အာဏာပိုင်တွေဟာ အများပြည်သူအဆင်ပြေနိုင်ရေးအတွက် (မြို့တွင်းသွားလာမှု လွယ်ကူသက်သာစေရေး)အတွက် ကြံဆမိသမျှ နည်းလမ်းအမျိုးမျိုးနဲ့တော့ စမ်းသပ်အကောင်အထည် ဖေါ်ခဲ့ကြတာချည်းပါပဲ။ အဆင်မပြေတော့လည်း ရပ်ပေါ့။ ဆက်မလုပ်နဲ့ပေါ့။ ဒီသဘောကို မောင်မှန် အထက်မှာ ရေးပြခဲ့တာပါ။

YBS ကိုတော့ ဘာမှ သိပ်မရေးလိုတော့ပါဘူး။ ရေးရရင်လည်း တရုတ်သိုင်းအတွဲတွေ ရှုံးသွားမယ်။ ရုပ်ရှင်ရိုက်ရင် ကိုရီးယားဇာတ်လမ်းတွဲ ငိုသွားမယ်။ မောင်မှန် ရေးသလောက်လည်း   ရေးခဲ့ပြီးပြီဆိုတော့ အနှစ်ချုပ်သဘောလောက်ပဲ တင်ပြကြည့်ပါတော့မယ် မိဘပြည်သူများခင်ဗျား။

မထသ ခေတ်မှာ အခြေခံအားဖြင့် မောင်မှန်တို့ပြည်သူတွေ တောင်းဆိုတဲ့အချက် ၃ ချက်ရှိပါတယ်။ အဲဒါတွေကတော့ ၁။ သတ်မှတ်ယာဉ်စီးခအတိုင်း ပေးရရေး။ ၂။ စပယ်ရာများ ယာဉ်မောင်းများမှ ယာဉ်ကျေးစွာ ဆက်ဆံရေး၊ အကြမ်းမဖက်ရေး။ ၃။ ကားမဖိုက်ရေး၊ ကျောက်မချရေး စတာတွေပါ။ YBS ပေါ်ထွက်လာတဲ့အခါမှာ ၅၀၊ ၁၀၀ ယာဉ်းစီးခတွေ တရားဝင် ဖျက်သိမ်းခံလိုက်ရပါတယ်။ (မြို့တွင်းပတ်ယာဉ် အညိုရောင် တွေကို နောက်မှ ပုံသေယာဉ်စီးခ ၁၀၀ ပြန်လုပ်လိုက်တာ။) ပြောရရင်တော့ ကားခ ပိုကုန်ဖို့များသွားတယ်။ ရိုင်းပြစော်ကားတဲ့ကိစ္စတွေကတော့ ဆက်ဖြစ်နေတုန်းပါပဲ။ ထိရောက်စွာ ဘယ်လောက်အရေးယူသလဲဆိုတာ စောင့်ကြည့်ရပါမယ်။ မထသ ထက် စာရင်ပေါ့လေ။ အဲ ကားမဖိုက်တော့ဘူး၊ ကျောက်မချတော့ဘူး။ ဒါတော့ နိပ်သွားပြီ။ ဒါပေမယ့် ကားလည်း သိပ်မလာဘူး။ ကားအစီးရေမှ မလုံလောက်ဘဲကိုး။ တဖြေးဖြေးတော့ များလာမယ် ထင်တာပါပဲ။

ဒီတော့ တောင်းဆိုချက် ၃ ချက်မှာ ၁ ချက်ရတယ် ဆိုရပါမယ်။ ကျန်တာတွေလည်း တဖြေးဖြေးတော့ အဆင်ပြေစေချင်ပါတယ်။ ( ယာဉ်စီးခကို ဘယ်လိုများ လျှော့ချပေးနိုင်မလဲပေါ့။ ) အခမဲ့ ဝင်ရောက်ပြေးဆွဲတဲ့ ယာဉ်တွေကို တိုင်းဒေသကြီးအစိုးရက ခရီးသည်တွေ စုပုံနေတဲ့အချိန်မျိုးမှာပဲ ပြေးဆွဲပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ လွှတ်တော်ကိုယ်စားလှယ် လူငယ်တစ်ယောက်ကလည်း YBS ကားတွေ ဝင်ငွေမရမှာစိုးစိုးလို့ အခမဲ့ကားတွေ သိပ်မဆွဲကြဖို့ပြောပါတယ်။ မောင်မှန်တို့ စဉ်းစားကြည့်ပါတယ်။ အခမဲ့ကားတွေ ဝင်ရောက်ပြေးဆွဲပေးရတဲ့ အခြေခံက YBS ကားတွေ မလုံလောက်လို့ပါ။ ပြည်သူတွေ အရမ်းဒုက္ခရောက်လို့ပါ။ နောက်ပြီး အကြာကြီးပြေးဆွဲပေးနိုင်မှာလည်း မဟုတ်ပါဘူး။ YBS ဝင်ငွေနည်းလည်း ခဏပေါ့။ ပြည်သူတွေကို သီးခံခိုင်းသလို YBS ကိုလည်း ခဏသည်းခံခိုင်းမှပေါ့။ ဟုတ်ဘူးလား။ အကူအညီပေးတာကို ဟန့်တာတော့ သိပ်မကောင်းဘူးထင်ပါတယ်ခင်ဗျာ။

အခု YBS ကားတွေပေါ်မှာ ယာဉ်စီးခထည့်ဖို့ပုံးတွေ သိပ်မတွေ့ရတော့ဘူး။ တွေ့ရတုန်းကလည်း ထည့်ဖို့ သိပ်အဆင်မပြေပါဘူး။ အားလုံးသိတဲ့အတိုင်း အတင်းတိုးတက် အတင်းတိုးဆင်းနေရတာဆိုတော့  ပုံးထဲ ပိုက်ဆံထည့်ချိန်ကို မရပါဘူး။ စပယ်ရာကိုပဲ ပေးရတာပေါ့။ YBS ယာဉ်တွေဘက်က ပြောလာတာ ရှိပါတယ်။ ခရီးသည်တွေက ပုံးထဲကို ပိုက်ဆံမှန်မှန်ကန်ကန် မထည့်ကြဘူး၊ ဖျက်သိမ်းပြီးသား ငွေစက္ကူတွေ၊ မီးရထားလက်မှတ်တွေ အစရှိသဖြင့် ထည့်ကြတယ်တဲ့။ ဟုတ်မှာပါ။ ဒါကြောင့်မို့ YBS ရဲ့ ငွေပုံးစနစ်ကြီး ပျက်ရပါတယ်လို့တော့ မလုပ်လိုက်ကြပါနဲ့။ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ မတန်သေးဘူးဆိုတဲ့အပြောမျိုးသာ ဖြစ်သွားပါလိမ့်မယ်။ စဉ်းစားကြည့်ပါ။ ဗမာပြည်ဟာ ဆင်းရဲပြီး ပညာရေးနိမ့်ကျတယ်။ ဒီလိုဖြစ်အောင် စစ်အာဏာရှင် အဆက်ဆက်က ဖန်တီးစီရင်ပေးထားခဲ့တယ်။ ဒါကို ကိုယ့်တာဝန် ကိုယ်သိတဲ့ နိုင်ငံသားတွေဖြစ်အောင် ဒီမိုကရေစီအစိုးရဆိုသူတွေက ပြည်လည်လေ့ကျင့်ပျိုးထောင်ပေးကြရအုန်းမယ်။ အချိန်ယူကြရအုန်းမှာဖြစ်ပါတယ်။ ဘတ်စ်ကားခိုးစီးတာကောင်းတယ်လို့ မောင်မှန်ပြောနေတာ မဟုတ်ဘူးနော်။ အခြေအနေတစ်ရပ်ကို ဇစ်မြစ်အထိ နှိုက်ကြည့်စေချင်တာသာဖြစ်ပါတယ်။ လက်ရှိလူထုဘဝအနေအထားနဲ့ ကိုက်ညီတဲ့ ယာဉ်စီးခပေးချေတဲ့စနစ်မျိုးကို YBS ဘက်က စဉ်းစားဖို့ လိုပါတယ်။ သုံးလအတွင်း ကတ်စနစ် လုပ်မယ်လို့လည်း သိရပါတယ်။ ဒါလည်း နှစ်ထောင်တန် သုံးထောင်တန်တွေနဲ့စရင်တော့ အခြေခံပြည်သူတွေ လမ်းပဲလျှောက်ကြရလိမ့်မယ် ထင်ပါတယ်။ YBS အောင်မြင်ပါစေခင်ဗျား။    ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly