၂၀၁၇နှစ်စမှာ မြန်မာ့ရာဘာစျေးကွက် စျေးကောင်းနေ

၂၀၁၇နှစ်စမှာ မြန်မာ့ရာဘာစျေးကွက် စျေးကောင်းနေ
ပဲခူးတိုင်းဒေသအတွင်းရှိ ရော်ထုတ်လုပ်သော အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုကိုတွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။             ။ ၂၀၁၇ ခုနှစ်အစပိုင်းမှာ မြန်မာ့ရာဘာဈေးကွက်အတွင်း ဈေးကောင်းဆက် လက်ရရှိနေပြီး ၂၀၁၆ ခုနှစ် ရာသီနောက်ဆုံးအချိန်ထက်နှစ်ဆဝန်းကျင်လောက်   မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။ ဒီလိုဈေးနှုန်းမြင့်တက်လာတာဟာ အမေရိကန်ဒေါ်လာဈေးမြင့်မားနေတဲ့ အချိန် အပြင် ကမ္ဘာ့ရာဘာဈေးမြင့်မားနေချိန်နဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

"မနှစ်ကရဲ့ရာသီအပိတ်နဲ့ ရာသီအဖွင့်နဲ့တောင်မှ တစ်ပေါင်ကိုအခုအချိန်နဲ့ဆို ငါးရာလောက်ကွာသွားပြီ တစ်ပေါင်ကိုငါးရာဆိုတော့ တော်တော်ကို တက်တယ်လိုပဲပြောရမှာပေါ့။ မနှစ်က ရာသီပိတ် ကျွန်တော်မှတ်မိတာ 650/ 700 ဝန်းကျင်ဘဲရှိတယ်၊ ကျွန်တော်မှတ်မိတာအခုဆို 1200 ဝန်းကျင် လေးငါးရာကွာတဲ့ သဘောပါပဲ" လို့ မြန်မာနိုင်ငံ ရာဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်ထူးက ပြောပါတယ်။

မိုးရာသီသုံးလကလွဲရင် ကျန်တဲ့အချိန်တွေက ရာဘာစေးထုတ်နိုင်တဲ့ အချိန်တွေပါ။ ဒါကြောင့် ရာဘာစေးခြစ်ဖို့ကို မိုးကုန်မှာသာ စနိုင်တာဖြစ်ပါတယ်။ ဒီနှစ်လို ရာဘာအများဆုံးစိုက်ပျိုးတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ မိုးများပြီးရာသီဥတုဖောက်ပြန်ခဲ့ရင်တော့ ရာဘာအထွက်နှုန်းလဲ ကျဆင်းနိုင်တယ်လို့ ပြောပြခဲ့ပါတယ်။

"စက်တင်ဘာလောက်ကနေပြီးတော့ ရာဘာဈေးတွေ တဖြေးဖြေးချင်း  မြင့်တက်လာတာပေါ့နော် မြင့်တက်လာတာ ပြည်တွင်းဈေးအနေနဲ့ ပြောရရင်တော့ အရင် သုံးနှစ်လောက်ကတည်းက ရာဘာဈေးကကျသွားတာပေါ့ ကျသွားတဲ့အခါကြတော့ တစ်ပေါင်ကို ငါးရာကျပ်ပတ်ဝန်းကျင်လောက်ကပေါ့နော်။ အဲဒီကနေပြီးတော့ အခုတစ်ထောင် အထက်ကို ဖြစ်လာတာပေါ့။" လို့ ရာဘာခြံပိုင်ရှင် ဦးခိုင်မြင့်က ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းက ရာဘာဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး အဲနောက်ပိုင်းမှာတော့ ရာဘာဈေးဆက်တိုက် ကျဆင်းလာတာဆိုရင် ရာဘာတစ်ပေါင်ကိုကျပ်ငွေ ငါးရာကျော်အထိဖြစ်သွားခဲ့ဖူးပါတယ်။

"ကျွန်တော်အမြင်ပြောရရင်တော့ ဒီရာသီအကုန်ထိကတော့ ကျဖို့တော့ မရှိတော့လောက်ဘူးလို့မြင်ပါတယ် တဖြေးဖြေးဘဲ အတက်ကိုမှန်းပါတယ်။ မှန်းကြည့်ရတာပေါ့။ ဒါပေမယ့်လဲ တက်မယ် မတက်ဘူးဆိုတာကလည်း ပြောဖို့ခက်ပါတယ်၊ အရမ်းကြီးတက်မယ် မတက်ဘူးဆိုတာတော့ ပြောလို့မရနိုင်ဘူး။ အတက်တော့မှန်းပါတယ်။ မနေ့ကဆို တက်တာတော်တော်ကြမ်းပါတယ် ဒါပေမယ့် တက်လိုက်ကျလိုက် တက်လိုက်ကျလိုက် နည်းနည်းတော့ရှိတယ်။ ဒါကတော့ ဈေးကွက်ရဲ့ထုံးစံအရရှိနေမှာပါ။"လို့ ဦးအောင်မြင့်ထူးကပြောပါတယ်။

ရာဘာဈေးနှုန်းကို ခန့်မှန်းရာမှာ ကမ္ဘာရာဈေးတစ်ခုထဲကို ကြည့်ရတာမဟုတ်ဘဲ ရာဘာအများဆုံးအသုံးပြုတဲ့ နိုင်ငံတွေရဲ့ စီးပွားရေး၊ နိုင်ငံရေးအပြင် ရာဘာစိုက်ပျိုးတဲ့နိုင်ငံတွေရဲ့ ရာသီဥတုကို ကြည့်ရတယ်လို့ ပြောပြပါတယ်။ ၂၀၁၇ခုနှစ်အတွက်တော့ ရာဘာဈေးတွေကဆက်လက်ပြီး အတက်ဘက်ကိုဦးတည်နိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း ပြောပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly