မြန်မာ့အကြီးဆုံးဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် လက်ကားစျေးသစ်ကြီး ဖေဖော်ဝါရီမှာ ဆိုင်ခန်းအချို့ဖွင့်လှစ်ဖို့ရှိနေ

မြန်မာ့အကြီးဆုံးဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် လက်ကားစျေးသစ်ကြီး ဖေဖော်ဝါရီမှာ ဆိုင်ခန်းအချို့ဖွင့်လှစ်ဖို့ရှိနေ
(ဓာတ်ပုံ-MAEX facebook)

ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။             ။ မြန်မာနိုင်ငံရဲ့ အကြီးဆုံးဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် လက်ကားဈေးသစ်ကြီးတစ်ခုကတော့ အင်းစိန်မြို့နယ်မှာ ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာဈေးရုံတည်ဆောက်မှု ရာခိုင်နှုန်း ၉၀ ကျော်လောက် ပြီးစီးနေပြီး ဖေဖော်ဝါရီလထဲမှာ အချို့ ဈေးဆိုင်ခန်းတွေကိုကနဦးဖွင့်လှစ်သွားဖို့ ရှိနေတယ်လို့ အဲဒိဈေးသစ်ကြီးကို တာဝန်ယူတည်ဆောက်နေတဲ့ မြန်မာအက်ဂရိုအိတ်ချိန်းအများပိုင်လီမိတက်-MAEX ဘက်ကပြောဆိုထားပါတယ်။

အိမ်နောက်ဖေးက ခြံထွက်သီးနှံတွေ၊ လယ်စိုက်ခင်းထဲကအသီးအရွက်တွေ မီးဖိုချောင်သုံး ဝလံတွေ..သေးသေးပဲဖြစ်ဖြစ် အကြီးကြီးပဲဖြစ်ဖြစ် တစ်နေရာထဲမှာ ရောင်းချပေးသွားမယ့် တညင်းကုန်းအဆင့်မြင့်လက်ကားဈေးသစ်ကြီးကတော့ အင်းစိန်မြို့နယ်၊ ယခင် တညင်းကုန်းဈေးဟောင်းရဲ့ အနီးမှာ ရုပ်လုံးပေါ်လာနေပြီဖြစ်ပါတယ်။

မြေပြင်ကနေခေါင်အမြင့် ၄၈ ပေရှိပေရှိတဲ့ ဈေးရုံကြီးတွေကတော့ မြေအကျယ် ၈၃ ဧကအပေါ်မှာနေရာယူထားတာပါ။ ဒါကို တာဝန်ယူတည်ဆောက်နေတဲ့   မြန်မာအက်ဂရိုအိတ်ချိန်း အများပိုင်ကုမ္ပဏီလီမိတက်-MAEXအနေနဲ့ အဆင့် ၄ ဆင့်နဲ့ ပိုင်းခြားတည်ဆောက်နေတာဖြစ်ပြီးပထမအဆင့်ကိုတော့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ဖွင့်လှစ်ဖို့ ကုမ္ပဏီဘက် စိုင်းပြင်းနေတာလည်းဖြစ်ပါတယ်။

"အခုအချိန်အထိကိုပထမအပိုင်းအနေနဲ့ ဈေးရုံကြီး ၃ ရုံရယ် Shop House ၃၂ လုံးကိုစတင်ပြီးတော့ အကောင်အထည်ဖော်နေပါတယ်။ ဒီဈေးရုံကြီး ၃ ရုံမှာဈေးရုံကြီး ၂ ရုံဖြစ်တဲ့ Whole Sale Fruit ( သစ်သီးလက်ကားဈေးရုံ) တစ်ရုံရယ်၊ Whole Sale Vegetable and Kitchen Ware( မီးဖိုးချောင်သုံးဟင်းသီးဟင်းရွက်နှင့် ဝလံ လက်ကားဈေး) ဈေးရုံတွေကတော့ ၉၀ ရာခိုင်နှုန်းကျော် ပြီးနေပါပြီ။ မကြာခင်မှာပဲဖွင့်လှစ်နိုင်အောင် အတွင်းပိုင်းအပြီးအချောသတ်လုပ်ငန်းကိုဆောင်ရွက်နေပါတယ်။ နောက် တောင်သူလက်လီရောင်းဈေးရုံ (Ground Market ) ကတော့ ဆောက်လုပ်လျက်ရှိပြီးတော့ ၇၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ။အဲဒိဈေးရုံကိုတော့ ဒီလ (ဇန်နဝါရီ) အကုန်မှာ ပြီးအောင် တည်ဆောက်နေပါတယ်။" လို့ MAEX(တညင်းကုန်းအဆင့်မြင့်
လက်ကားဈေး) ရဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက ပြောပါတယ်။

တညင်းကုန်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် အဆင့်မြင့်လက်ကားဈေးသစ်စီမံကိန်းအတွက် ၂၀၁၅ ခုနှစ်၊ မတ်လကုန်မှာဒဂုံအင်တာနေရှင်နယ် လီမိတက်က လုပ်ငန်းတင်ဒါအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အဲဒိကနေတင်ဒါစည်းကမ်းတွေအရအများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းလုပ်ကိုင် ရမှာဖြစ်တာကြောင့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ ဒဂုံအင်တာနေရှင်နယ်လီမိတက်က ဦးဆောင်ပြီး လက်ရှိအချိန်အထိရှယ်ယာရှင်ပေါင်း ၂၁ ဦးနဲ့ မြန်မာအက်ဂရိုအိတ်ချိန်းအများပိုင်ကုမ္ပဏီလီမိတက်-MAEXအဖြစ်ဒီဈေးသစ်စီမံကိန်းကိုအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

အဆိုပါဈေးသစ်စီမံကိန်းနဲ့ ပတ်သတ်ပြီးMAEX ရဲ့ BOD ဥက္ကဌဖြစ်သူ ဦးဝင်းအောင်က "သူတို့ရဲ့ ထွက်တဲ့ သီးနှံကိုစားသုံးသူလက်ထဲရောက်ဖို့ ကြားမှာအဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးရောက်တော့ စားသုံးသူတွေ အနေနဲ့လည်း တန်ဘိုးမြင့်ပေးရတယ်။ နောက်ပြီးစိုက်ပျိုးထုတ်လုပ်သူတွေ အတွက်ကျတော့လည်း တန်ဖိုးအပြည့်အဝမရဘူး၊ အဲဒါတွေကို ချုံ့ပစ်နိုင်တဲ့ အနေအထားဖြစ်တာကြောင့် တိုင်းပြည်အတွက်လည်းအင်မတန် အကျိုးရှိမယ်..”လို့ ဆိုပါတယ်။

ဈေးသစ်စီမံကိန်းရဲ့ ပထမအဆင့်မှာဆိုင်ခန်းပေါင်း ၅၅၀၀ လောက် ပါဝင်မှာ ဖြစ်ပြီးတော့ ဖေဖော်ဝါရီလအတွင်း ကနဦးဖွင့်လှစ်ချိန်မှာတော့ ဆိုင်ခန်းပေါင်း ၄၀၀၀ လောက်နဲ့ စတင်မှာဖြစ်ပါတယ်။

တညင်းကုန်းဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ပန်းမန် အဆင့်မြင့်လက်ကားဈေးသစ်ကြီးမှာ လက်ကားဈေးရုံ၊ တောင်သူနေ့ချင်းရောင်းလက်လီဈေးရုံအပြင် ပွဲရုံလူနေဆိုင်ခန်းစတာတွေ ပါဝင်မှာဖြစ်ပါတယ်။ လက်ကားရောင်းချမယ့် ဆိုင်ခန်းတွေကိုရောင်းချခြင်းမပြုပဲအငှားစနစ်နဲ့ လုပ်ကိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။

"ဈေးရုံတွေထဲမှာရှိတဲ့ ဆိုင်ခန်းနေရာတွေကိုတော့ ကျွန်တော်တို့က လုံး၀ ရောင်းချခြင်းမပြုပါဘူး၊ အားလုံးကိုအငှားစနစ်နဲ့ပဲ ကျွန်တော်တို့ ကျင့်သုံးသွားမှာဖြစ်ပါတယ်။ သစ်သီးဝလံရော ပန်းမန်ရောလက်ကားရောင်းမယ့် ဈေးရုံမှာဆိုရင် ဆိုင်ခန်းအကျယ်က ၅ ပေ × ၁၁ ပေ၊ ၅ပေ×၁၃ ပေအကျယ် ၂ မျိုးပါပါ့မယ်။ ဈေးရောင်းချချင်တဲ့ သူတွေက ကျွန်တော်တို့ဆီမှာအငှားစနစ်နဲ့ လျှောက်ထားရမှာဖြစ်ပါတယ်။ ဒီကိစ္စကိုလည်းဒီ ဇန်နဝါရီလထဲမှာပဲ အများပြည်သူကိုကြေညာဖို့ ရှိပါတယ်။" လို့ MAEX ရဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်ကြီးက ရှင်းပြပါတယ်။

လက်ကားဈေးရုံရဲ့ ဆိုင်ခန်းတွေကိုငှားရမ်းတဲ့ နေရာမှာလည်းလစဉ် ဈေးနှုန်းနဲ့ ငှားရမ်းသွားမှာဖြစ်ပြီးငှားရမ်းသူတွေအနေနဲ့ ငှားရမ်းမယ့် ဆိုင်ခန်းလစာရဲ့ ၆ လ(သို့) တစ်နှစ်စာစဘော်ငွေ ပေးထားရမှာဖြစ်ပါတယ်။ ဘယ်ရွှေ့ဘယ်လောက်နဲ့ ငှားမယ်ဆိုတာကို MAEX ဒါရိုက်တာအဖွဲ့များဆွေးနွေး နေဆဲဖြစ်တယ်လို့ သိရပါတယ်။

နေ့ချင်းရောင်းချလို့ရမယ့် တောင်သူလက်လီဈေးရုံအတွက် မြေနေရာကိုရောဘယ်လိုစီစဉ်ထားသလဲဆိုတာနားထောင်ရအောင်ပါ။

"သူသည် ဒီနေ့ လာရောင်းတယ်ဆိုရင် ဒီနေ့ပဲယူထားလို့ရတယ်၊ ရောင်းမယ်ဆိုရင် တစ်နေ့စာပေးပြီးရောင်းလို့ရတယ်၊ နောက်နေ့ ကိုယ်ပစ္စည်းတွေ ကုန်သွားပြီဆိုရင် ဒီဆိုင်ခန်းကို ဆက်ပြီးထိန်းသိမ်းဖို့လည်း မလိုတော့ဘူး၊ အဲဒိအတွက်လည်းကုန်ကျစားရိတ်လည်းပေးစရာမလိုတော့ဘူး၊ အဲဒိအထိအောင် ကျွန်တော်တို့ လုပ်ထားတယ်။" ဦးဝင်းအောင်က ဖြည့်စွက်ပြောပါတယ်။

ဈေးသစ်စီမံကိန်းကြီးရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကကျပ်ငွေ ၉၉.၈ ဘီလီယံ  ဖြစ်ပါ တယ်။ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ဖို့ ရှိနေတဲ့ ပထမအပိုင်းအတွက် ကျပ်ငွေ ၂၅.၁၈ ဘီလီယံရင်းနှီးမြှုပ်နှံလျက် ရှိနေတာဖြစ်ပြီး အဲဒိထဲက ကျပ်ငွေ ၅ ဘီလီယံကိုအများပြည်သူ ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ MAEX ဘက်ကစီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။ စီမံကိန်းအလုံးစုံအပြီးအစီးကတော့ ၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်းတည်ဆောက်ပြီးစီးဖို့ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly