ရန်ကုန်၊ ဇန်နဝါရီ ၂၂ ။ ။ အာမခံမရသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ကို ပြောင်းလဲပြင်ဆင်ပေးရေးအတွက် လူထုလှုပ်ရှားမှု ဟောပြောပွဲတစ်ရပ်ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဇန်နဝါရီ ၂၂ရက်က ပြုလုပ်ခဲ့ပါတယ်။
ဟောပြောပွဲတွင် တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်၊ အိုင်တီပညာရှင်ဦးစိုးသီဟနောင်၊ မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးဇေယျာလှိုင်၊ ဆက်သွယ်ရေးဥပဒေဖြင့် တရားစွဲခံခဲ့ရသူများဖြစ်သည့် ကဗျာဆရာ မောင်စောင်းခ နှင့် ကိုရာပြည့်တို့ ပါဝင်ဟောပြောခဲ့ကြပါပါတယ်။
ဆက်သွယ်ရေးဥပဒေဟာ နည်းပညာရူ့ထောင့်က ကြည့်ရင် ဟာကွက်တွေရှိနေပြီး သက်ဆိုင်ရာအနေနဲ့ အမြန်ဆုံးပြောင်းလဲပေးရန်လိုအပ်ကြောင်း MIDO အဖွဲ့က မထိုက်ထိုက်အောင်က ပြောကြားခဲ့ပါတယ်။
"အွန်လိုင်းမှာရှိတဲ့ မိန်းကလေးတွေ ခြိမ်းခြောက်မှုတွေကို မဖမ်းနိုင်ဘဲနဲ့ နိုင်ငံတော်အကြီးအကဲတွေကို ကာကွယ်တဲ့ဥပဒေလားဆိုတာ စဉ်းစားရမှာပါ" ဟု ယခင်အစိုးလက်ထက်က ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲခံရသူ ကဗျာဆရာ မောင်စောင်းခ က ပြောကြားခဲ့ပါတယ်။
ဆက်သွယ်ရေးဥပဒေဖြင့် ယခင်အစိုးရလက်ထက်တွင် တရားစွဲခံရမှု (၇)မှုရှိခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ(၅)ဦးရှိခဲ့ပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ တရားစွဲဆိုခံရတဲ့ အမှုပေါင်း(၄ဝ)မှုရှိပြီး ပြစ်ဒဏ်ချမှတ်ခံရသူ(၅)ဦး၊ ဖမ်းဆီးချုပ်နှောင်ခံရသူ(၉)ဦးရှိနေပါတယ်။
၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့အထိ ကောက်ခံရရှိသော စာရင်းများအရ ၆၆(ဃ)ဖြင့် တရားရုံးတင်ပြီး တရားစွဲဆိုမှု စုစုပေါင်း(၄၇)မှုရှိသွားပြီဖြစ်ကြောင်း ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့မှ သိရပါတယ်။