မကွေးဝန်ကြီးချုပ်ဟောင်းအား စစ်ဆေးနေကြောင်း ပြောဆိုခဲ့ခြင်းမရှိဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

မကွေးဝန်ကြီးချုပ်ဟောင်းအား စစ်ဆေးနေကြောင်း ပြောဆိုခဲ့ခြင်းမရှိဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

မကွေး၊ ဇန်နဝါရီ ၂၀ ။          ။ မကွေးတိုင်းဒေသကြီး၊ ဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်နှစ်ဒသမရှစ် ဘီလီယံသုံးစွဲမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း နှင့် ဝန်ကြီးဟောင်းများအား အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စစ်ဆေးနေသည်ဟု ပြောဆိုခဲ့ခြင်းမရှိခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ယနေ့ညနေပိုင်းက သတင်းထောက်များအား ပြောသည်။

“စုံစမ်းစစ်ဆေးနေတာ ဟုတ်တယ်။ မကွေးတိုင်းဒေသကြီး၊ တိုင်းအဆင့် အထူးစုံစမ်းစစ်ဆေးရေးဌာန စသုံးလုံးက ဒါတွေကို စုံစမ်းစစ်ဆေးတယ်။ စုံစမ်းစစ်ဆေးပြီးတော့ တွေ့ရှိချက်တွေကို ကျွန်တော်တို့ပြည်ထောင်စု အစိုးရထံကို အစီရင်ခံလိုက်ပြီဆိုတာကို ပြောလိုက်တယ်။ စုံစမ်းစစ်ဆေးတဲ့အခါမှာလည်း အထောက်အကူ ရအောင်လိုအပ်တဲ့ စာရွက်စာတမ်းတွေပေးတယ်၊ကျွန်တာ်တို့က ပံ့ပိုးပေးတယ်၊
ဘယ်သူ့စစ်ပါတယ်ဆိုတာ ဘာတစ်ခွန်းမှမပြောလိုက်ဘူး၊ ဝန်ကြီးချုပ်ဟောင်းနဲ့ ဝန်ကြီးများစစ်ဆေးတယ်ဆိုတာ သူတို့ဟာသူတို့ ထင်မြင်ယူဆချက်နဲ့ရေးတဲ့ ယူဆချက်သာလျှင်ဖြစ်တယ်၊ ကျွန်တော့သဘောထား လုံးဝမဟုတ်ဘူး” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယခုလ ၁၉ ရက်နေ့တွင် ထုတ်ဝေခဲ့သည့် နေ့စဉ်ထုတ် သတင်းစာတစ်စောင်တွင် ပါရှိခဲ့ သော “မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်းနှင့် ဝန်ကြီးဟောင်းများကို ပြည်ထဲရေးစစ်ဆေး”ဟူသည့် သတင်းတွင် ရေးသားဖော်ပြထားသည့် အကြောင်းအရာအပေါ် ယနေ့ ညနေပိုင်းက မကွေးတိုင်း သတင်းမီဒီယာများကို ၎င်း၏ ရုံးခန်းတွင် ရှင်းလင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly