တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ပြောတဲ့ ပုဒ်မ ၆၆ (ဃ)အကြောင်း

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ပြောတဲ့ ပုဒ်မ ၆၆ (ဃ)အကြောင်း

ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှု ဟောပြောပွဲအား ဇန်နဝါရီ (၂၂) ရက်နေ့၊ ညနေ(၃)နာရီမှ(၅)နာရီအထိ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံ မြို့တော်ခန်းမရှေ့တွင်   ဟောကြားမည်ဖြစ်ကြောင်း  တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က မဇ္ဈိမသို့ ပြောသည်။

“ ၆၆(ဃ) ဆက်သွယ်ရေး ဥပဒေနဲ့ ပတ်သက်တဲ့ ကိစ္စဟောမှာပါ ။ ဒီဥပဒေဟာ ကုလသမဂ္ဂ လူအခွင့်အရေး ကြေညာစာတမ်းအပိုဒ်(၁၉)နဲ့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၃၅၄)မှာ နိင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး လူအခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆဲတာဆိုတာပဲဖြစ်ဖြစ်၊ ရာဇသတ်ကြီးမှာ ပါပါတယ်။ အသရေပျက်စေတယ်ဆိုလည်း ရာဇသတ်ကြီးမှာပါတယ်။ ရာဇသတ်ကြီးမှာ ပါနေပါလျက်သားနဲ့ ဒီပုဒ်မနဲ့ ဆွဲသွင်းတယ်ဆိုတာကိုက လက်စားချေတယ် သဘောဖြစ်နေတယ် ။ ဥပဒေဆိုတာ လက်စားချေခြင်း မဟုတ်ဘူး။ အပြုပညာပေး ဖလှယ်ရေးဖြစ်တယ်၊ လက်တွေ့ဥပဒေကို ပြဌာန်းရတဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီဘူး။ လက်တွေ့ဥပဒေကို ပြဌာန်းတဲ့ ရည်ရွယ်ချက်တွေနဲ့လည်း မကိုက်ညီဘူး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်   ပြဌာန်းတဲ့ဥပဒေက လူတွေကို အချုပ်ထောင်ထဲကိုရောက်အောင် လုပ်နေသလိုဖြစ်နေတယ်။ ဒါလူအခွင့်အရေး စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး။ အဲ့ဒီတော့ ဒါကိုပြင်ဖို့လိုအပ်နေတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

၎င်းမှဆက်လက်၍ “ နောက်တစ်ချက်က ကျွန်တော်တို့နိင်ငံမှာ ဆိုက်ဘာဥပဒေ(Cyber Law)ဆိုတာ မရှိဘူး။ ဆက်သွယ်ရေးဥပဒေက ဆိုက်ဘာလော(Cyber Law) မဟုတ်ဘူး။ ဒါကြောင့် ဒီဥပဒေ ဒီပုဒ်မအတွက် ကျင့်သုံးရမယ့် နည်းဥပဒေကို ကနေ့ဆိုရင် (၄)နှစ်ထဲ ရောက်နေပြီ ။ အခုအထိ မပြဌာန်းရသေးဘူး ဖြစ်နေတယ် ။ ရုံးတွေမှာ ဖြစ်နေတာက ကြုံသလို ဒီအမှုအတွက်စစ်နေတယ်။   နောက်တစ်ချက်က ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပမာ တရားလိုနဲ့ တရားခံ ကျေအေးလို့၊ ကျေနပ်လို့ ရုတ်သိမ်းတယ်ဆိုရင်လည်း တရားစွဲ ၊ အဖွဲ့အစည်း မဟုတ်တဲ့ ပိုဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရုံး၊ ခွင့်ပြုချက် ယူရမယ်ဆိုပြီးတော့ အခုတရားရုံးတွေမှာ ရောဂါအသစ်အဆန်း ထနေတယ် ။ အဲ့ဒီတော့ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ(၅)မှာပါတဲ့ ပြဌာန်းချက်နဲ့ လုံးဝမကိုက်ညီဘူး။ ဒီဥပဒေရဲ့ ပျော့ကွက် ဟာကွက် အားနည်းချက်တွေကြောင့် ဒီပုဒ်မနဲ့ တရားစွဲဆိုခံရတဲ့သူတွေ အလွန်နစ်နာနေတယ်။ ကုရာနတ္ထိ ဆေးမရှိသလို ဖြစ်နေတယ် ၊တရားစွဲအဖွဲ့အစည်းနဲ့ မသက်ဆိုင်တဲ့ ပိုဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက သူ့ရဲ့ ခွင့်ပြုချက်ပေးပြီး စွဲတာဖြစ်လို့ ရုပ်သိမ်းရင်လဲ သူဌာနရဲ့ ခွင့်ပြုချက်နဲ့ ရုတ်သိမ်းရမယ်လို့ ပညတ်ထားတော့ ဒီဥပဒေဟာစံချိန်စံညွှန်းနဲ့ မကိုက်ညီပါဘူး။ နိင်ငံသားတွေရဲ့အခွင့်အရေးကို ဆုံးရှုံးစေပါတယ် ။ လူမှုကွန်ရက် စာမျက်နာမှာ အသိဉာဏ် ခေါင်းပါးတဲ့ လူတစ်ချို့ကြောင့်ဘာမှမဆိုင်တဲ့သူတွေ နစ်နာနေတယ် ။ SMS Viber Messenger သုံးတယ် ။ ၆၆နဲ့ ညှိနေတယ် ။ အဲ့ဒါမဟုတ်တော့ဘူးဗျ။  ဒါကြောင်မလို့ ဒီဟာ လတ်တလော အခြေအနေမှာ လွှတ်တော်နှစ်ရပ်က ပြင်ဆင်ပယ်ဖြတ်ရေးကိုဦးတည်သွားပြီးတော့ အဆုံးတိုင် ရည်မှန်းချက်က ဒီပုဒ်မကိုဖျက်ဖို့ပဲ။ အဲ့ဒါကြောင့်မလို့ ကျွန်တော်တို့က လူထုလှုပ်ရှားမှုကို ခန်းမရှေ့မှာ လုပ်မှာပါ။

ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှု ဟောပြောပွဲတွင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်၊ အိုင်တီပညာရှင် ဦးစိုးသီဟအောင်၊မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးဇေယျာလှိုင်နှင့် ဆက်သွယ်ရေးဥပဒေကြောင့် နစ်နာသူများဖြစ်သော ကိုရာပြည့်နှင့်ကိုဆောင်းခတို့ ဟောပြောမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required