ရွေးကောက်ပွဲ အခင်းအကျင်းများက သဲတရှပ်ရှပ်

ရွေးကောက်ပွဲ အခင်းအကျင်းများက သဲတရှပ်ရှပ်

ယခုတလော ၂၀၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့သတင်းများ၊ ဆောင်းပါးများ၊ ထင်မြင်ယူဆ ချက်များက ကြားရသူအပေါင်း စိတ်ရှုပ်ထွေးစရာ၊ စိတ်ပူစရာတွေနဲ့ အရောင်ခြယ်ထားတဲ့ သတင်းတွေ ဆောင်းပါးတွေချည်းပဲလို့ ပြောလို့ရမယ် ထင်ပါတယ်။

ဆောင်းပါးတစ်ပုဒ်မှာဆိုရင် လက်ရှိ တိုင်းပြည်တာဝန်ရှိသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ အသွားအလာ အပြောအဆိုတွေ တင်ပြပြီး ကောက်ချက်ဆွဲလိုက်တော့ အဲဒီပုဂ္ဂိုလ်တွေဟာ တိုင်းပြည် အတွက်ဆိုတာထက် သူတို့အတွက် အကျိုးစီးပွား ပိုပြီးတိုး တက်လမ်းပွင့်စေဖို့ သဲကြီးမဲကြီး ကြိုးစား နေကြတဲ့သဘော သွားတွေ့ရပါတယ်။

မှန်ပါတယ်။ ရွေးကောက်ပွဲ ဝင်တော့မယ်ဆိုရင် ကိုယ့်တပ်ကိုယ့်စည်း ပြင်ကြဆင်ကြရတာ၊ ကိုယ်နဲ့ လက်တွဲပါဝင်နိုင်မယ် ထင်တဲ့သူတွေနဲ့ နည်းဗျူဟာအရ ထိတွေ့ဆက်ဆံကြရတာ၊ ကိုယ့်ယှဉ်ပြိုင်ဘက်ကို အကဲခတ်ပြီး ကိုယ့်ဘက်က ကစားရတာ ဆန်းတော့ မဆန်းပါဘူး။ မလွဲမသွေ လုပ်ကြရမှာပဲ။

ဒါပေမယ့် ဘာပဲလုပ်လုပ် ဘယ်လိုနည်းဗျူဟာတွေပဲ သုံးသုံး အဲဒီအလုပ်ဟူသမျှဟာ တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေဖို့က အဓိက ဖြစ်သင့်တယ်ဆိုတာကို သတိမလွတ်သင့်ပါဘူး။

မထင်စေချင်ပါ။ တိုင်းပြည်က စောင့်ကြည့်နေကြတာဖြစ်လို့ အဲဒီ ရွေးကောက်ပွဲ စည်းဝိုင်း အတွင်း လှုပ်ရှားနေကြသူတွေဟာ ငါတို့အကြံအစည် ငါတို့လှုပ်ရှားမှုကို တိုင်းပြည်က မသိနိုင်ပါဘူးလို့ ထင်ရင်လည်း မှားပါလိမ့်မယ်။ မိမိတို့ပြည်သူတွေက ဒါကို အမြဲ အကဲခတ်နေကြတာပါ။

မိမိတို့ ပြည်သူ တွေဟာ ရှစ်စပ်က နောကြေနေကြတဲ့ သူတွေပါ။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ လမ်းကြောင်းပေါ်က အတွေ့အကြုံတွေ အရဘယ်ခေါင်းဆောင်က ဘယ်လိုဘယ်လောက်ဆိုတာ သိပါတယ်။ အခြေအနေ နဲ့ အချိန်အခါ မပေးရင်သာရှိမယ် အခွင့်အရေး ရလာတာနဲ့တပြိုင်နက် မိမိတို့ပြည်သူများက လက်ညှိုးထိုး ဆွဲထုတ်ဖို့ ဝန်လေးကြမှာ မဟုတ်ပါဘူး။

အခုဆိုရင် တိုင်းပြည်တာဝန်ရှိသူတချို့ဟာ မပြောသင့် မတွေးသင့်တဲ့ အပြောမျိုး အလုပ်မျိုးတွေကို အသိရှိရှိနဲ့ပဲဖြစ်စေ သတိလက် လွတ်ဖြစ်လို့ပဲဖြစ်စေပြောကြ လုပ်ကြတာတွေ ရှိပါတယ်။ ဥပမာဆိုက်ကားနင်းပြီး ချမ်းသာအောင် လုပ်နိုင်တယ်ဆိုတာတို့ တိုင်းပြည်ရဲ့တကယ့် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးပြီး တိုက်အသစ်ဆောက်ဖို့ လုပ်တယ်ဆိုတဲ့ အလုပ်မျိုး တွေကို တာဝန်ရှိသူတချို့က ပြောကြလုပ်ကြတာ ရှိပါတယ်။ ဒီတော့ပြည်သူတွေက ဒီသတင်းတွေ ဒီမြင်ကွင်းတွေကို ကြားပြီးမြင်ရပြီး အဲဒီလို ပြောကြလုပ်ကြတဲ့ တာဝန်ရှိသူတွေရဲ့ နှလုံးသားဓာတ်ခံနဲ့ ပညာဉာဏ်ဝမ်းစာကို တိုင်းတာကြည့်ပြီး ၂၀၁၅ ရွေးကောက်ပွဲ ကြီးအတွက် စိတ်ပူကြရပြန်တာပေါ့။

ဒီကြားထဲ လူမျိုးရေးဘာသာရေး မုန်းတီးမှု၊ မသင်္ကာဖြစ်မှုနဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားလာဖို့ အတွက် မမှန်ကန်တဲ့ သတင်းတွေကို အတိအလင်း ရေးသားဖြန့်ဝေဖို့ ကြိုးစားတဲ့ သတင်းဌာန တချို့လည်း ရှိလာပြန်ပါတယ်။

မီးလောင်ရာလေပင့်၊ မီးစပေါ် ဓာတ်ဆီလောင်းပြီး ပြည်သူတွေရဲ့ဒေါသကို လမ်းလွဲရောက်အောင် ဒီလိုကြံစည်ရေးသားမှုမျိုးဆိုတဲ့ အလုပ်ကို မီဒီယာသမားတွေအနေနဲ့ မလုပ်သင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ အင်မတန် အပြစ်ကြီးတဲ့ အလုပ်ပါပဲ။

ကံအားလျော်စွာ အခုအချိန် အထိတော့ မိမိတို့ပြည်သူတွေက ပါးနပ်ကြလွန်းလို့ အဲသလို မီးထိုးပေး ယပ်ခတ်ပေးတဲ့သူတွေ ရှိနေ သည့်တိုင် ပေါက်ကွဲမှုတွေ ဖြစ်မလာဘဲ ပြည်သူတွေက သီးခံကြ၊ စောင့်ကြည့်နေကြလို့သာ သက်ပြင်းချနိုင်တဲ့ သဘောဖြစ်ပါ တယ်။

၂၀၁၅ ရွေးကောက်ပွဲကတော့ အချိန် သုံးလပဲ ရှိပါတော့တယ်။ ဒီကြားထဲ မဲစာရင်းတွေ ကလည်း ခုထက်ထိ အမှားမှား အယွင်းယွင်း ဖြစ်နေဆဲပါ။ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်း တင်ကြတဲ့သူတွေရဲ့သတင်းတွေကိုလည်း ပြည်သူတွေက ရင်တမမနဲ့ စောင့်ကြည့်နားထောင် နေကြရပါတယ်။

ဒီအထဲမှာ ပြည်သူ့ ချဉ်ပတ်တွေအဖြစ် နာမည်ကြီးကြပေမယ့် သူတို့ရယူပိုင်ဆိုင်ထား တဲ့ ဓနဥစ္စာနဲ့ အခွင့်အာဏာကို အသုံးချ ပြီးရွေးကောက်ပွဲ ဝင်ကြတော့မှာ ဖြစ်လို့လည်း ပြည်သူတွေ စိတ်မအေးရတာ အမှန်ပါပဲ။

မှန်ပါတယ်။ မိမိတို့ပြည်သူတွေဟာ ရွေးကောက်ပွဲ လမ်းကိုတော့ မလွဲမသွေ လျှောက်ကြရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ဟင်းလျာကို မလွဲမသွေ စားကြရမှာကတော့ အမှန်ပါပဲ။ ဒါပေမယ့် သဲ တရှပ်ရှပ်ဖြစ်နေတဲ့ ရွေးကောက်ပွဲ စားဖွယ်သောက် ဖွယ်အဖြစ်နဲ့တော့ မစားကြရပါစေကြောင်း မေတ္တာလောင်းပြီး ဆုတောင်းပေးလိုက်ပါကြောင်း တင်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required