မကွေးဝန်ကြီးချုပ်ဟောင်းကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီး စ သုံးလုံးစစ်ဆေး

မကွေးဝန်ကြီးချုပ်ဟောင်းကို ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကိစ္စနှင့် ပတ်သက်ပြီး စ သုံးလုံးစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ။             ။ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ နှင့် တိုင်းဒေသကြီး ဝန်ကြီးဟောင်းများကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ် နှစ်ဒသမ ရှစ် ဘီလီယံသုံးစွဲမှုနှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးနေကြောင်း ယနေ့ သိရသည်။

"သူတို့ကို စသုံးလုံးက စစ်ပြီးတော့ ပြည်ထောင်စုအစိုးရကို အစီရင်ခံစာ တင်လိုက်ပြီလို့ပဲ သိရတယ်ခင်ဗျ။ လက်ယက်တွင်း ရေနံလုပ်ငန်းရှင်တွေပေးတဲ့ နှစ်ဒသမရှစ်ဘီလီယံကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းတယ် ၊ စစ်ဆေးတယ်လို့ပဲ ပြောပါတယ်" ဟု ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။

မကွေးတိုင်းဒေသကြီး အတွင်းရှိ လက်ယက်တွင်း ရေနံလုပ်ငန်းရှင်များက အဆိုပါ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် နှစ်ဒသမ ရှစ်ဘီလီယံကို ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ တိုင်းဒေသကြီး အစိုးရထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ပွင့်ဖြူလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးထွန်းထွန်းက ပြည်သူလွှတ်တော်တွင်   မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်ကာ   ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက "ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင်ထားသည့် ငွေကြေးများကို သုံးစွဲထားသည့် စာရင်းမရှိကြောင်း" ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

ပွင့်ဖြူအမတ် ဦးထွန်းထွန်းအနေဖြင့် ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ(ယခင် မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ) တို့ကို စစ်ဆေးနေသည်ဟုသာ အတည်ပြု ပြောဆိုနိုင်ခဲ့ပေမယ့် " သူတို့ ဘယ်လိုအစီရင်ခံစာ တင်ထားလဲဆိုတာ မသိရသေးပါဘူး" ဟု မဇ္ဈိမကို ပြောဆိုခဲ့သည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီအတွင်းရေးမှူး ဦးပိုက်ထွေးအား မဇ္ဈိမမှ ဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးတွင်း ရောက်ရှိနေသောကြောင့် ဆက်သွယ်၍ မရခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly