ဗိုလ်ချုပ်ရုပ်ထု ဖျက်ဆီးမှုနှင့် ဆက်စပ်ပြီး ပဋိပက္ခများ မဖြစ်စေရန် သက်ဆိုင်ရာနှင့် ပူးပေါင်းပြီး ကြိုတင်ကာကွယ်မည် ဟု ကြံခင်း NLD ထုတ်ပြန်

ဗိုလ်ချုပ်ရုပ်ထု ဖျက်ဆီးမှုနှင့် ဆက်စပ်ပြီး ပဋိပက္ခများ မဖြစ်စေရန် သက်ဆိုင်ရာနှင့် ပူးပေါင်းပြီး ကြိုတင်ကာကွယ်မည် ဟု ကြံခင်း NLD ထုတ်ပြန်

ပုသိမ်၊ဇူလိုင် ၂၂ ။    ။ ကြံခင်းမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်ရုပ်ထုကို ဖျက်ဆီးမှုနှင့် ဆက်စပ်ပြီး နောက်ထပ် အကြမ်းဖက်လှုံ့ဆော်မှု များမဖြစ်စေရန် သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းပြီး ကြိုတင် ကာကွယ်မည်ဟု ကြံခင်း မြို့နယ် NLD က ဇူလိုင် ၂၁ ရက်က သတင်းထုတ်ပြန်လိုက်သည်။

ကြံခင်း NLD ၏ ထုတ်ပြန်ချက်တွင် အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး လူမျိုးရေး ဘာသာရေး ပဋိပက္ခနှင့် အဓိကရုဏ်များ မဖြစ်ပေါ်စေရန်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရန် အတွက် ကြံခင်းမြို့နယ်သူမြိ့ နယ်သားများနှင့် ဘာသာရေး အကြီးအကဲများ၊  မြို့မိမြို့ဖများ၊  ဌာနဆိုင်ရာ အကြီးအကဲများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းပြီး ကြိုတင်ကာကွယ်ရေးနှင့်  စီမံဆောင် ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း ပါဝင်သည်။  

ယင်းအပြင် ဗိုလ်ချုပ် ရုပ်ထုကို  ဖျက်ဆီးသူ ဦးဖြိုးကျော်ဌေး (ခ)ကိုဖြိုးအား တည်ဆဲဥပဒေ များအရ ပြစ်ဒဏ်ကျခံနိုင်ရန်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု ပါဝင်သည်။  

ထို့အပြင် အဆိုပါ ဖြစ်ရပ်နှင့် ဆက်စပ်ပြီး အွန်လိုင်း မီဒီယာ Myanmar express  ၏ ရေးသား ဖော်ပြမှုများကို တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းဆောင်ရွက်သွားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထံ အဆင့်ဆင့်တင်ပြ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန် ထားသည်။  Myanmar express  က အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဘာသာခြား လူမျိုး၊ NLD ပါတီဝင်က ဖျက်ဆီးသည်ဟု ဇူလိုင် ၂၀ ရက်က ဖော်ပြထားသည်။

ယင်းသို့ ဖျက်ဆီးတိုက်ခိုက်မှုသည် လူသားမဆန်သည့် ဥပဒေမဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပြီး ဒေသ တည်ငြိမ်မှုနှင့် တရား ဥပဒေ စိုးမိုးမှု အပေါ်ပျက်ပြားစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပါဝင်သည်။

အာဇာနည်နေ့တွင် ဖွင့်လှစ်သည့် ကြံခင်းမြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုကို ဦးဖြိုးကျော်အောင် (ခေါ်) ကိုဖြိုးဆိုသူက ဇူလှိုင်  ၂၀ရက် နံနက်ပိုင်းက ဦးခေါင်းကို လှည့်ချိုးကာ ဖျက်ဆီးခဲ့ပြီး ရုပ်ထုတွင် ဂါရဝပြုထားသည့် လွမ်းသူ့ပန်းခွေ များကိုလည်း ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၎င်းကို   ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)ဖြင့်  ကြံခင်းမြို့မ ရဲစခန်းက အမှုဖွင့်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုအား ကြံခင်းမြို့သို့ ဇူလိုင် ၁၈ ရက်က သယ်ဆောင်လာပြီး ၁၉ရက်တွင် ဖွင့်ပွဲ ကျင်းပခဲ့သည်။

ရုပ်ထုသည် အမြင့် ၇ပေ ၆လက်မရှိပြီး၊ ခုံအမြင့်မှာ ၉ပေရှိသည်။ ရုပ်ထု အလေးချိန်သည် ကြေးပိဿချိန် ၄၅၀ ရှိသည်။ ရုပ်ထုကို ကြံခင်းမြို့ နှင့် ဆိပ်သာမြို့ သွားသည့် လမ်းမပေါ်တွင် ထားရှိခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly