BTV Cup ပြိုင်ပွဲအတွက် ရတနာပုံအသင်း နိုင်ငံခြားသား ကစားသမားများကို စာချုပ်ထပ်တိုးဖွယ်ရှိ

BTV Cup ပြိုင်ပွဲအတွက် ရတနာပုံအသင်း နိုင်ငံခြားသား ကစားသမားများကို စာချုပ်ထပ်တိုးဖွယ်ရှိ
GFA အသင်းနှင့် ပွဲတွင် ဂိုးသွင်းပြီးအောင်ပွဲခံနေသည့် ရတနာပုံအသင်းမှ နိုင်ငံခြားသားကစားသမားများ (ဓာတ်ပုံ- ရွှေဘုတ်)

ဇူလိုင် ၂၂၊ ရန်ကုန် ။ ။ ဗီယက်နမ်နိုင်ငံတွင် နိုဝင်ဘာလ၌ ကျင်းပပြုလုပ်မည့် BTV Cup 2015 ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် ရတနာပုံကလပ်အသင်းသည် အဆိုပါပြိုင်ပွဲအတွက် နိုင်ငံခြားသားကစားသမားများကို စာချုပ်သက်တမ်းတိုး ဖွယ်ရှိ သည် ဟု အသင်းအထွေထွေမန်နေဂျာ ဦးအောင်ထွန်းဦးက မဇ္ဈိမသို့ ပြောသည်။

ရတနာပုံအသင်းသည် လက်ရှိတွင် နိုင်ငံခြားသားကစားသမားများအဖြစ် တိုက်စစ်မှူး ကိသ်၊ ကွင်းလယ်လူ မက်ဆီမန် ၊ယောင်နှင့်နောက်ခံလူ ကွီကွီရို တို့ပါဝင်ကစားလျက်ရှိပြီး  ကစားသမားအချို့ မှာအောက်တိုဘာလမြန်မာနေရှင်နယ်လိဂ် ရာသီ ကုန်ပြီးချိန်၌ စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

“ အသင်းအနေနဲ့ BTV ဝင်ပြိုင်ဖို့တော့ အကြောင်းပြန်ပြီးပါပြီ။ လာမယ့် နိုဝင်ဘာ ၆ ရက်ကနေ ၁၅ ရက်အထိပါ။အောက်တိုဘာ မှာ လိဂ်ပြိုင်ပွဲပြီးမှာဆိုတော့ နိုဝင်ဘာအတွက် နိုင်ငံခြားသားကစားသမားတွေကိုတော့ နည်းပြကြိုက်တယ်ဆိုရင် ထပ်ချုပ်သွားမှာ ပါ။ ဒါက နည်းပြအဖွဲ့အပေါ်ပဲ မူတည်ပါတယ်။ လက်ရှိတော့ ပြိုင်ပွဲကလည်း ဝေးသေးတယ်။ လိဂ်ပွဲတွေကလည်း ရှိသေးတော့ ဘာမှ ကြိုပြောလို့မရနိုင်ပါဘူး။ အကောင်းဆုံးတော့ ပြင်ဆင်သွားမှာပါ ” ဟု ဦးအောင်ထွန်းဦးက ပြောသည်။

ဗီယက်နမ် ဘောလုံး အဖွဲ့ချုပ်နှင့် ဗီယက်နမ် ရုပ်သံလိုင်း တစ်ခုဖြစ်သည့် ဘင်ဒေါင်းတီဗွီတို့ ပူးပေါင်းကျင်းပသည့် BTV Cup 2015 ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို နိုဝင်ဘာ ၆ ရက်မှ ၁၅ ရက်ထိ ဗီယက်နမ် နိုင်ငံ ဘင်ဒေါင်းမြို့တွင် ကျင်းပမည် ဖြစ်ပြီး ၂၀၁၅ ဗွီလိဂ် ပြိုင်ပွဲတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည့် အသင်း ၄ သင်းနှင့် ပြင်ပလိဂ်များမှ အသင်း ၄ သင်း ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ် သည်။

၂၀၁၄ BTV Cup ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် ရံှုးထွက်ချန်ပီယံ ဧရာဝတီယူနိုက်တက် အသင်း သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ဗီယက်နမ်ကလပ် သန်ကွမ်အသင်းကို ၃- ၀ ဂိုး၊ ဘရာဇီးကလပ် ကာပီဆာဘာအသင်းကို ၃-၁ ဂိုး တို့ဖြင့် ရံှုးခဲ့ပြီး ဗီယက်နမ် ကလပ် ဒါနန်းအသင်းနှင့် နှစ်ဂိုးစီ သရေကျကာ အုပ်စုအဆင့်မှပင် ထွက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly