အများပိုင်ဘတ်စ်ကားလိုင်းသစ်ပြေးဆွဲမှုအတွက် စစ်တမ်းကောက်ယူမှုတစ်ရပ် ပြုလုပ်

အများပိုင်ဘတ်စ်ကားလိုင်းသစ်ပြေးဆွဲမှုအတွက် စစ်တမ်းကောက်ယူမှုတစ်ရပ် ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။           ။ အများပိုင်ဘတ်စ်ကားလိုင်းသစ်ပြေးဆွဲမှုအတွက် စစ်တမ်းကောက်ယူမှုတစ်ရပ်ပြုလုပ်ခဲ့ပြီး တတိယမြောက်ဇန်နဝါရီ ၁၈ ရက်တွင် ယခင်နှစ်ရက်ထက် ပိုမိုတိုးတက်လာသည်ဟု လက်တစ်ဖက်ကမ်း ပရဟိတအဖွဲ့က ပြောသည်။

ပထမနှစ်ရက်တွင် ပြည်သူအများစုက YBS စီးနင်းရာတွင် အဆင်မပြေကြောင်း ဖြေကြားထားကြပြီး ယနေ့ ပိုမိုတိုးတက်လာသည်ဟု စစ်တမ်းကောက်ယူသူ ဒေါ်သန်းသန်းမြင့်က ပြောသည်။

‘ဒီနေ့ဆို တော်တော်လေး အောင်မြင်လာတာ တွေ့ရပါတယ်။ မနေ့ကတော့ လူတွေက များသောအားဖြင့် စလုံးရေ စတဲ့ ကိစ္စတစ်ခုမှာ ပြတ်ပြတ်သားသားမသိတဲ့ လမ်းကြောတစ်ခုကို သိရအောင်လို့ သင်ပြပေးတယ်။ ပြောပြပေးတယ်။ ပန်းဖလက်လေးတွေ ကမ်းတယ်။ လမ်းညွှန်ချက်လေးတွေ ပေး ပေးတယ်။ဘယ်မှတ်တိုင်ကို ဆင်း၊မှတ်တိုင်အစက ဘယ်ကလဲ ဘယ်ဟာမှတ်တိုင်အဆုံးလဲ ။ အဲဒါလေးတွေကိုတော့ သင်ပြပေးရတယ်”ဟု ဒေါ်သန်းသန်းမြင့်က ပြောသည်။

ပထမအကြိမ် စစ်တမ်းကောက်ယူမှုအရ ရန်ကုန်အများပိုင်ဘတ်စ်ကားစနစ်အတွက် ယာဉ်အစီးရေ တိုးမြှင့်ပြေးဆွဲပေးရန် ပြည်သူများက လိုလားနေကြပြီး လက်ရှိတွင် လူဦးရေ ၆၀၀ ကျော်စစ်တမ်းကောက်ယူပြီး ဖြစ်သည်။

ကားအစီးရေ တိုးမြှင့်ခြင်း၊ ညပိုင်းခရီးသည်များပြားခြင်းကြောင့် ညပိုင်းအချိန်တိုးပေးခြင်း၊ ကားစီးရအဆင့်များ များပြားခြင်းအား ပြန်လည်သုံးသပ်ပေးရေးတို့ကို အများစုက ပူပန်ခဲ့ကြကြောင်း စစ်တမ်းအရ တွေ့ရှိခဲ့ရသည်။

“မနေ့ကဆိုရင် လူ နှစ်ရာ့ငါးဆယ်၊သုံးရာ နီးပါးကို စစ်ဖြစ်ပါတယ်။ မနေ့က အခြေအနေကတော့ လုံးဝအဆင်မပြေတဲ့ Negative Sense တွေ အများဆုံးဖြစ်ပါတယ်”ဟု လက်တစ်ဖက်ကမ်း စစ်တမ်းကောက်ယူသော အဖွဲ့ခေါင်းဆောင် မမေသင်ဇာအောင်က ပြောသည်။

ခရီးသည်များအပြင် ယာဉ်မောင်းများကိုပါ စစ်တမ်းကောက်ယူခဲ့ပြီး တစ်ချို့မှာ ပြောင်းလဲရန် လိုအပ်နေသေးကြောင်း စစ်တမ်းများက ညွှန်ပြနေသည်ဟု လက်တစ်ဖက်ကမ်းပရဟိတအဖွဲ့၏ တာဝန်ခံ ဦးကျော်မင်းဦးက ပြောသည်။

စစ်တမ်းကောက်ယူရာတွင် မှတ်တိုင်အပြောင်းအလဲများ၊ အချိန်ကြန့်ကြာမှုများ၊ ယာဉ်စီးခသတ်မှတ်မှုများ၊ ယာဉ်မောင်းများ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နားလည်မှုများအား အဓိကထား ကောက်ယူခဲ့ကြသည်။

ပထမအကြိမ် စစ်တမ်းကောက်ယူရရှိသည့် ရလဒ်များအား ယခု ရက်သတ္တပတ်အကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရထံသို့ တင်ပြသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်စစ်တမ်းကို နှစ်ပတ်အကြာ၊ တတိယအကြိမ် စစ်တမ်းကို တစ်လအကြာတွင် ကောက်ယူမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly