ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၁၁၁နှစ်ပြည့်ပွဲတော်အမီ ပြုပြင်သွားမည်

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၁၁၁နှစ်ပြည့်ပွဲတော်အမီ ပြုပြင်သွားမည်
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၉ ရက်တွင ်ကျရောက်သည့် ဆင်မကြီးမိုမို မွေးနေ့ပွဲအား ရန်ကုန်မြို့ တိရိစ္ဆာန်ဥယဉ်တွင် ပြုလုပ်ကျင်းပရာ လာရောက်လည်ပတ်ကြည့်ရှုသူများမှ အမှတ်တရ ဆင်စီးနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - ဟောင်ဆာ(ရာမည)

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကို ၁၁၁နှစ်ပြည့်ပွဲတော်အမီ တိရိစ္ဆာန်များ၏ ကျန်းမာရေးအပါအဝင် အလုံးစုံပြုပြင်မွမ်းမံမှုများ ပြုလုပ်နေသည်ဟု မန်နေဂျာ ကိုမျိုးကျော်သူက မဇ္ဈိမကို ပြောသည်။

“အဓိကက အခုလက်ရှိပြင်ဆင်နေတာပေါ့နော် တိရိစ္ဆာန်ဥယျာဉ်ဖြစ်တဲ့အတွက်အနံ့ထွက်တယ်ဗျ။ အနံ့ဆိုတာ အကောင်တွေမှာလည်းကိုယ်နံ့ရှိတယ်။ အဲဒီအနံ့ကို တစ်ချို့က အရမ်းနံတယ်လို့   ပြောကြတယ်။ ဝေဖန်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ပွဲတော်အတွင်းမှာလည်း အဲဒီလိုဟာမျိုးမဖြစ်အောင် အဓိက အနံ့ဆိုးကို လုံးဝထိန်းချုပ်ထားပါတယ်” ဟု ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ မန်နေဂျာ ကိုမျိုးကျော်သူက ပြောသည်။

လာမည့်ဇန်နဝါရီလ ၂၅ရက်နေ့တွင် ရန်ကုန်တိရစ္ဆာဥယျာဉ်၏ သက်တမ်းမှာ ၁၁၁ နှစ် ပြည့်ပြီဖြစ်ပြီး တိရိစ္ဆာန်များ၏ ကျန်းမာရေးကို နှစ်ဆိုင်းခွဲ စောင့်ရှောက်ထားကြောင်း သိရသည်။

“ အရေးကြီးဆုံးက တိရိစ္ဆာန်ကျန်းမာရေးပေါ့။ အဲဒါကိုတော့ နေ့ဆိုင်းညဆိုင်းနဲ့ စောင့်ရှောက်ပေးထားရတယ်”ဟု ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှ မန်နေဂျာ ကိုမျိုးကျော်သူက ပြောသည်။

ဥယျာဉ်အတွင်း သန့်ရှင်းရေးလုပ်ဆောင်သွားမည်ဖြစ်ပြီး သစ်ရွက်အမှိုက်များ၊ ပလတ်စတစ်အမှိုက်များ သန့်ရှင်းရေးကို ဆောင်ရွက်သွားမည်ဟု သိရသေးသည်။

ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်သို့ ပုံမှန်ရုံးဖွင့်ရက်များတွင် လူ ၁၀၀၀ မှ ၃၀၀၀ အထိ လာရောက်လည်ပတ်ပြီး စနေ၊တနင်္ဂနွေရက်များတွင် လူ ၅၀၀၀ မှ ၁၀၀၀၀ ကြား လာရောက်လည်ပတ်ကြကာ   နေ့ကြီးရက်ကြီးများ ပွဲတော်ရက်များတွင် လာရောက်လည်ပတ်သူပိုများကြောင်း သိရပါသည်။

“ရန်ကုန်မြို့မှာနေတဲ့လူတွေပေါ့နော် ။ ကလေးတွေပေါ့ နီးနီးနားနားလေးနဲ့သွားရလာရတာလည်းအဆင်ပြေ၊ အကောင်လေးတွေကို ကလေးတွေလည်း မြင်တွေ့ရတာပေါ။့ ဒီ့ထက်လည်းပိုပြီးတော့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်ကြီးက ပြည့်ပြည့်စုံစုံလေးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးသွားမယ်ဆိုရင်တော့ ကလေးတွေရော လူကြီးတွေရောစိတ်ချမ်းသာမှာပါ”ဟု လာရောက်လည်ပတ်သူ   တောင်ဥက္ကလာမှ ဒေါ်စန်းစန်းသင်းမှ ပြောသည်။

ဧက ၇၀ ကျော်ကျယ်ဝန်းသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် တိရိစ္ဆာန်မျိုးစိတ်ပေါင်း ၁၃၃စိတ်နှင့် အကောင်ရေပေါင်း ၁၀၀၀ ကျော်ရှိသည်။

လာမည့်ဇန်နဝါရီလ ၂၁ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၏ ၁၁၁နှစ်ပြည့်ပွဲတော်ကို ၅ ရက်တာ ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required