၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးနှင့် လေးဦး၏ ဒဏ်ငွေကို အမည်မဖော်လိုသူ တစ်ဦးက ကိုယ်စားဆောင်ပေးခဲ့

၈၈ မျိုးဆက် ငြိမ်း/ပွင့်မှ ဦးကိုကိုကြီးနှင့် လေးဦး၏ ဒဏ်ငွေကို အမည်မဖော်လိုသူ တစ်ဦးက ကိုယ်စားဆောင်ပေးခဲ့
ဇူလိုင် ၂၂ ရက်က တောင်ဥက္ကလာပ မြို့နယ် ရဲစခန်းသို့ ရောက်ရှိလာသည့် ဦးကိုကိုကြီးကို တွေ့ရစဉ်။ ဓါတ်ပုံ - သက်ကို

တောင်ဥက္ကလာပ အားကစားကွင်း ပြန်ရရေး ဆန္ဒပြခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ငါးဦးကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲထားခြင်းအား ဇူလိုင် ၂၂ ရက်တွင် တောင်ဥက္ကလာတရားရုံးက ဒဏ်ငွေ တစ်သောင်း (သို့) ထောင်ဒဏ် ၂၁ ရက် ကျခံ စေရန် အမိန့်ချမှတ်လိုက်ရာ အမည်မဖော်လိုသူတစ်ဦးက ကိုယ်စားစိုက်၍ ဒဏ်ငွေ ဆောင်ပေးခဲ့သည်ဟု အဆိုပါအမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
၎င်းက ” တရားရုံးကို တစ်ခြားကိစ္စနဲ့လာတဲ့သူတွေက ဆောင်ပေးသွားတာပါ၊သုံးလေးယောက်တောင် လုပြီးဆောင်ကြတယ်။ သူတို့ေြ့ပာတာတော့ အဓိကက ဦးကိုကိုကြီး လွှတ်တော်ထဲမရောက်မှာစိုးလို့ လို့ပြော သွားတယ်၊၂၁ ရက်ဆိုတော့ ကိုယ်စားလှယ်စာရင်းနောက်ဆုံးတင်ရမယ့်ရက်နဲ့ တိုက်နေတယ်လေ။ ဘယ်သူတွေလဲတော့ ကျွန်တော် မမှတ်မိဘူး”ဟု ဆိုသည်။
တောင်ဥက္ကလာမြို့နယ်မှူး ရဲမှူး မျိုးအောင်ကလည်း "တရားသူကြီးက ဒဏ်ငွေတစ်သောင်း ဒါမှမဟုတ် ရင် ထောင်ဒဏ် ၂၁ရက်လို့ အမိန့်ချပါတယ် ‘ ဟု ပြောသည်။
တောင်ဥက္ကလာပမြို့ နယ်၊ (၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိကလေးအားကစားကွင်းနှင့် ပန်းခြံတည်ရှိသည့်နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံံ့ဖြိုးရေးပါတီမှ ကွန်ဒိုအဖြစ်ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် လူအင်အားတစ်ရာခန့် က အဆိုပါအားကစားကွင်းရှေ့တွင် ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၄ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့သို့ခွင့်ပြုမိန့်တင်ခဲ့ရာတွင် တာမွေမြို့နယ်၊ ကျိုက်က္ကဆံကွင်းရှိ ဟစ်တိုင်၌သာဆန္ဒဖော်ထုတ်ခွင့်ပြုခဲ့သော်လည်း အားကစားကွင်းရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးကိုကိုကြီးအပါအဝင် ၅ ဦးကိုပုဒ်မ ၁၉ ဖြင့် ယင်းနေ့၌ပင်အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အမှုဖွင့်ခံရသူ ငါးဦးမှာ ဦးကိုကိုကြီး၊ နိုင်ငံရေးအကျဉ်း သားဟောင်း ဥိးမျိုးခင်၊ တောင်ဥက္ကလာပ မြို့နယ် NLD အဖွဲ့ဝင်ဒေါက်တာစောနိုင်၊ ကိုနိုင်ကိုလင်းနှင့် ကိုအောင်မော်(ခ) စစ်အောင်တို့ ဖြစ်ပြီး ဇူလိုင် ၂၂ ရက်တွင် ဒဏ်ငွေ တစ်သောင်းစီကို ပြည်သူတစ်ဦးက ကိုယ်စား ပေးဆောင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly