ရှမ်းတောင်ပိုင်း ပဲပုပ်တောင်သူတို့ ရာသီဥတုကို ရဲရဲရင်ဆိုင်နိုင်ပြီ

ရှမ်းတောင်ပိုင်း ပဲပုပ်တောင်သူတို့ ရာသီဥတုကို ရဲရဲရင်ဆိုင်နိုင်ပြီ

ပဲပုပ်ရိတ်သိမ်းချိန် မိုးမိမယ့်အန္တရာယ်ကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းတွေ ရရှိထားပြီလို့ ရှမ်းပြည် တောင်ပိုင်း ပဲပုပ်စိုက်တောင်သူများက ပြောပါတယ်

ပင်းတယ(Myanmar Now) ။             ။  ပဲနို့၊ တိုဟူးဖြူတို့ ထုတ်လုပ်နိုင်တဲ့ ပဲပုပ် စိုက်ပျိုးရေးလုပ်ငန်းကိုဌာနဆိုင်ရာတွေ၊ အဖွဲ့အစည်း တွေက နည်းပညာ၊ မျိုးစေ့၊နဲ့ စက်ပစ္စည်းကူညီတာကြောင့် သီးနှံ ပျက်စီးဆုံးရှုံးမှု လျော့ပါးလာတော့ မယ်လို့ ရှမ်းပြည်နယ်တောင်ပိုင်းတောင်သူတွေကမကြာသေးခင်ကပြောကြပါတယ်။

   ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်မှာ နေထိုင်သူ ဦးလှမင်းက စိုက်ပျိုးရေး ဦးစီးဌာနက ထုတ်လုပ်ဖြန့်ဖြူးထားတဲ့ အရည်အသွေးမြှင့် ပဲပုပ်စေ့တွေကို ကိုင်ကြည့်ရင်းပီတိဖြစ်တဲ့ အပြုံးနဲ့ ပြုံးနေပါတယ်။

 မနှစ်က ရိတ်သိမ်းချိန်မှာ မိုးသည်းသည်းမည်းမည်း ရွာသွန်းမှုနဲ့ ကြုံခဲ့ပြီးသီးနှံတချို့ ဆုံးရူံးခဲ့ ပေမယ့် အခုတော့ ရာသီဥတုကို နည်းပညာအကူအညီနဲ့ ရင်ဆိုင်ဖို့ ၅၂ နှစ်အရွယ် ဓနုတိုင်းရင်း သားကြီးက အသင့်ဖြစ်နေပုံပါပဲ။

“ချွေလှေ့စက်တွေ၊ အခြောက်ခံဖို့စက်တွေလည်းရှိနေပြီဆိုတော့ အောင်မြင်နိုင်ပါတယ်” လို့   တောင်ရွှေပုထိုးကျေးရွာက ဦးလှမင်းက ယုံကြည့်ချက်ရှိတဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

 မနှစ်က ပဲပုပ် ၁ ဧကပဲ စိုက်ပျိုးပေမယ့် ဒီနှစ်ဆန်းပိုင်းပဲပုပ်စိုက်ပျိုးတဲ့ ရာသီမှာတော့ ငါးဆ တိုးချဲ့ စိုက်ပျိုးလုပ်ကိုင်မယ်လို့ သူကပြောပါတယ်။  ရပ်စောက်မြို့နယ် အလယ်ချောင်ကျေးရွာသား ကိုလှမျိုးဇော်ရဲ့ ၁ဝ ဧကပဲပုပ်စိုက်ခင်းလည်း မနှစ်ကရိပ်သိမ်းချိန်မှာမိုးမိသွားပါတယ်။ အဲဒီဖြစ်ရပ် နောက်ပိုင်း ရာသီဥတုဒဏ် ခံလိုက်ရတဲ့ ဒေသခံတွေဟာWinrock International ဆိုတဲ့ စိုက်ပျိုးရေး ဆိုင်ရာ အကူအညီပေးရေးအဖွဲ့နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အခုတော့ ဒီအဖွဲ့ရဲ့ အကူအညီနဲ့ အခြောက်ခံ စက်တစ်လုံးကို ရွာမှာတည်ထောင်နိုင်ခဲ့ပြီး အရည်အသွေးပိုကောင်းတဲ့ ပဲပုပ်မျိုးစေ့တွေလည်း ရှိနေပါ ပြီ။ “စိုက်ကွင်းထဲမှာ ချက်ခြင်းရိတ်ပြီးတော့ အပင်လိုက်အခြောက်ခံလို့ ရတဲ့ စနစ်တွေရှိတယ်” လို့  ကိုလှမျိုးဇော်က ပြောပါတယ်။ 

တောင်သူတို့အတွက် အကူအညီ

ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှုး ဦးသိန်းဝင်းက ရိတ်သိမ်းချိန်မှာ မိုးလွတ်အောင် စောပြီးစိုက်ပါ၊ သက်တမ်းတိုတဲ့ ပဲပုပ်အမျိုးအစားကိုရွေးပါ၊ မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုးကြပါလို့ တောင်သူတွေကို တိုက်တွန်းနေကြောင်း ရှင်းပြပါတယ်။

ရာသီဥတုက ပြောင်းလဲနေတာ။ ရာသီဥတုနဲ့ ချိန်ဆပြီး စိုက်ပျိုးရမယ်ဆိုပြီး အသိပညာပေးနေ ပါတယ်”လို့ ရှမ်းပြည်နယ်စိုက်ပျိုးရေး ဦးစီးမှူးက ပြောပါတယ်။ အရည်အသွေးမှီတဲ့ ပဲပုပ်အမျိုးအစား တွေ ရရှိရေး၊ ချိန်ခါမဟုတ် မိုးရွာတာမျိုးလိုပြောင်းလဲလာတဲ့ ရာသီဥတုကို ရင်ဆိုင်နိုင်ရေးတို့အတွက် Winrock အဖွဲ့က အခြောက်ခံစက်၊ လက်တွန်းမျိုးစေ့ချကရိယာ၊ မျိုးစေ့သိုလှောင်ခြင်း နည်းပညာ စတာတွေကို အကူအညီပေးနေပါတယ်။

   ဒီအဖွဲ့ရဲ့ စီမံကိန်းအရာရှိတစ်ဦးဖြစ်တဲ့ ဦးသက်ဆွေကဈေးကွက်အလားအလာကောင်းတဲ့ ပဲပုပ်နဲ့ ပတ်သက်ပြီးအကူအညီပေးဖို့ သူတို့အဖွဲ့က ရွေးချယ် ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

တောင်သူကိုလှမျိုးဇော်ကစက်ကရိယာနဲ့ နည်းပညာအကူအညီတွေအပြင် သူတို့ရဲ့ လိုအပ်ချက် နောက်တစ်ခုကတော့ ချေးငွေ ဖြစ်တယ်လို့ ဆိုပါတယ်။

  “ပဲပုပ်ဈေးကွက်က ကြီးတယ်။ ကျွန်တော်တို့ကစိုက်ချင်တယ်။ ကျွန်တော်တို့ တောင်သူတွေမှာ နည်းပညာလိုတယ်။ ငွေကြေးအရင်းအနှီးတွေလည်းလိုအပ်တယ်။ အတိုးနှုန်းနည်းနည်းနဲ့ ကျွန်တော် တို့ တောင်သူတွေကိုချေးငှားပေးဖို့ပေ့ါ။ လိုအပ်လာရင် ဘယ်ကနေသွားချေးလို့ ရလဲမသိတာတွေနဲ့ ရင်ဆိုင်နေရပါတယ်” လို့ ရပ်စောက်မြို့နယ်ကတောင်သူကိုလှမျိုးဇော်ကရှင်းပြပါတယ်။

လယ်ယာသုံး စက်ကရိယာတွေကိုအရစ်ကျ ဝယ်ယူရေးအတွက် ကနဦးသွင်းရမယ့် ငွေပမာဏ များပြားတတ်တာကြောင့် အစိုးရဆီကအတိုးနှုန်းပါးတဲ့ ချေးငွေလည်းမျှော်လင့်ကြောင်း ပဲပုပ် တောင်သူ ကိုလှမျိုးဇော်က ပြောပါတယ်။

ဈေးကွက်

  ပဲပုပ်ကိုရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်နဲ့ပင်းတယနယ်တွေမှာအများဆုံးစိုက်ပျိုးတယ်၊ ပြည်နယ်အတွင်းပဲပုပ်စိုက်ပျိုးဧက ၂သိန်းကျော်ရှိတယ်၊ ဒါဟာ တစ်နိုင်ငံလုံး ပဲပုပ်စိုက်ပျိုးမှုရဲ့ ၅၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ပဲပုပ်စိုက်ခင်းတွေကို ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေးအစရှိတဲ့ တိုင်းဒေသ ကြီးတို့မှာလည်း တွေ့နိုင်ပါတယ်။

  Winrockရဲ့ ၂ဝ၁၅ မတ်လထုတ်ပြန်ချက်တစ်ခုမှာအိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ် စားသုံးမှုက နှစ်စဉ် သန်းပေါင်း ၈၆.၂ တန် ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် တရုတ်ဟာ မြန်မာအတွက် ကြီးမားတဲ့ ပဲပုပ်ဈေးကွက်တစ်ခုပါပဲ။

   ၂ဝ၁ဝ မတိုင်ခင်အထိတရုတ်ကိုပဲပုပ်ပို့ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ ဦးအောင်ဆန်းဝင်း ဖြစ်ပါတယ်။ သူကမြန်မာနိုင်ငံကုန်သည်ကုန်သည်ကြီးများနဲ့စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ ရှမ်းပြည် နယ် တောင်ပိုင်းဒေသ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ 

        ရှမ်းတောင်ပိုင်းကထွက်တဲ့ ပဲပုပ်တွေကိုတရုတ်နိုင်ငံဘက် ပို့ခဲ့တာနေ့စဉ်တန် ၅ဝ ကနေ ၁ဝဝ အထိ ရှိတယ်လို့  Myanmar Now ကိုပြောပါတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက ပဲပုပ် တန်ချိန် ၅,ဝဝဝ ကနေ ၁ဝ,ဝဝဝ ကြား ပို့ဖို့တောင်းဆိုလာတယ်၊ ဈေးကွက်လိုအပ်ချက် မဖြည့်ဆည်း ပေးနိုင်တာကြောင့် ပဲပုပ်တင်ပို့မှုကိုရပ်ဆိုင်းလိုက်ရတယ်လို့ သူကရှင်းပြတယ်။

“စိုက်ပျိုးရေးသုတေသနက စမ်းသပ်စိုက်ပျိုးမယ်။ ထွက်အားကောင်းအောင်လုပ်မယ်။ ဈေးကွက်ရှိလား။ ဈေးကွက်ရှိအောင်လုပ်ပေးမယ်။ ဒါတွေကိုသူတို့ကဦးဆောင်ရမှာပေါ့”လို့  ဦးအောင် ဆန်းဝင်းက ပြောပါတယ်။

စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ် ပြည်နယ်မှူး ဦးသိန်းဝင်းကတော့ ဈေးကွက်ဖော်ဆောင်ဖို့ ဟာ ကုန်သည်တွေရဲ့ တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်လိုအပ်ချက် ရှိလာတဲ့အခါမှာ စိုက်ပျိုးရေး ဦးစီးဌာနနဲ့ တွေ့ဆုံဆွေးနွေးပါ၊ အရည်အသွေးအပါအဝင် လိုအပ်ချက်တွေအတွက်    တောင်သူတွေနဲ့ ညှိနှိုင်းဆောင် ရွက်သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။

  “စိုက်ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက်ဖို့တော့ လိုအပ်ပါတယ်။ တန်ဘယ်လောက်လိုချင်သလဲ။ ဘယ်လိုအရည်အသွေးတွေကိုလိုချင်သလဲ၊ ဒါကိုသိဖို့လိုပါတယ်။ နိုင်ငံခြားကိုတင်ပို့နိုင်တဲ့ ဈေးကွက် သာ တကယ်ရှိမယ်ဆိုရင် ကုန်သည်တွေလိုအပ်သလောက် စိုက်ပျိုးရေးဦးစီးဌာနက လယ်သမား တွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနိုင်ပါတယ်”လို့ သူက Myanmar Now ကို ပြောပြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required