လွှတ်တော်အမတ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းရန် ကြံ့ခိုင်ရေးပါတီ ကြိုးပမ်း

လွှတ်တော်အမတ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေပြဌာန်းရန် ကြံ့ခိုင်ရေးပါတီ ကြိုးပမ်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးပိုက်ထွေးဦးဆောင်ကာ ဇန်နဝါရီ ၁၇ရက်က ပါတီဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
 

နေပြည်တော်(ဇန်နဝါရီ ၁၇၇က်၊ ၂၀၁၇ခုနှစ်)။ ။ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်း(Right to Recall)ဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ဥပဒေအဖြစ်အတည်ပြု ပြဌာန်းပေးရန် လွှတ်တော်သို့တင်ပြထားကြောင်း အတိုက်အခံပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) က ဇန်နဝါရီ ၁၇ရက်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“တော်တော်များများကလည်း အဲ့ဒီ Right to Recall ဆောင်ရွက်ခွင့်ကို လိုချင်ပါတယ်။ ဒါ့ကြောင့် အခြေအနေ၊ အချိန်အခါရဲ့ တောင်းဆိုချက်ပြောပြော၊ လူထုရဲ့လိုလားချက်ပြောပြော ဒီ Right to Recall ကိစ္စဟာ ရှိသင့်တယ်၊ ဖြစ်သင့်တယ်ဆိုပြီးတော့မှ ကျွန်တော်တို့ပါတီ ကိုယ်စားလှယ်က ဦးစီးပြီးတော့၊ ဦးဆောင်ပြီးတော့ လွှတ်တော်ကို တင်ပြထားပြီး ဖြစ်ပါတယ်” ဟု USDP၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဦးပိုက်ထွေးက ပြောသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် ဦးပိုက်ထွေးအပါအဝင် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းနှင့် ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်ကျော်တို့က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်စဉ် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို့(မဲဆန္ဒရှင်တွေ)က ကောင်းမယ်ထင်လို့ ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်လောင်းကို လက်တွေ့ကိုယ်စားလှယ် ဖြစ်ပြီးတော့မှ လွှတ်တော်ကိုယ်စားလှယ်တာဝန် ထမ်းဆောင်တဲ့အချိန်မှာ သူတို့ဒေသအတွက် နိုင်ငံ့အတွက် ဒီလူဟာ အကျိုးမပြုနိုင်ဘူး၊ မစွမ်းဆောင်နိုင်ဘူး၊ ယုံကြည်ကိုးစားလောက်တဲ့အရည်အချင်းမရှိဘူးလို့ ထင်မြင်ယူဆလာတဲ့အခါမှာ Right to Recall ဆောင်ရွက်ဖို့ သူတို့ ဆောင်ရွက်ခွင့် ရစေချင်ပါတယ်” ဟု ဦးပိုက်ထွေးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၇တွင် “ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာ ကိစ္စများနှင့် စဉ်လျဉ်း၍ လည်းကောင်း၊ တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ လည်းကောင်း လိုအပ်သော ဥပဒေများကို ပြဌာန်းရမည်” ဟု ပါရှိသည်။

အခြေခံဥပဒေပုဒ်မ ၃၉၆(ခ)တွင်လည်း “သက်ဆိုင်ရာမဲဆန္ဒနယ်၏ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး တစ်ရာခိုင်နှုန်းတို့က တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော်ကိုယ်စားလှယ်နှင့်ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်” ဟု ပြဌာန်းထားသေးသည်။

တိုင်တန်းချက်အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး တိုင်တန်းချက်မှန်ကန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်ဟုလည်း အခြေခံဥပဒေတွင် ဆိုထားသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ပထမအကြိမ်၊ ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်းက ဥပဒေကြမ်းတစ်ရပ် တင်သွင်းခဲ့ဖူးပြီး ယင်းဥပဒေကြမ်းအား လွှတ်တော်တွင် ဆွေးနွေးမှုမပြုဘဲ ထိုစဉ်က ဆိုင်းငံ့ထားခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေအဖြစ် အတည်ပြုပြဌာန်းနိုင်ရေးအတွက် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ ဆွေးနွေးရန် မသင့်ကြောင်း ထောက်ခံမဲများသည့်အတွက် ထိုစဉ်က ဆိုင်းငံ့ထားခြင်းလည်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၆(က)တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးသည် နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာပျက်ပြားခြင်းနှင့် ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဟု ပြဌာန်းထားသည်။

"ယုံကြည်ကိုးစားစွာနဲ့ တင်ပေးလိုက်တဲ့ လူတစ်ယောက်က အပေါ်ရောက်မှ အကျင့်စာရိတ္တတွေ ဖောက်ပြားပြီးတော့ ဘာတာဝန်မှလည်း မယူဘဲ ဖြစ်လာပြီဆိုရင် ဒါမျိုးကို Right to Recall ပြန်ခေါ်သင့်၊ မသင့်ဆိုတာ ပြည်သူကပဲ ပြန်စဉ်းစားရမှာ ဖြစ်တယ်။ အဲ့လိုမျိုး အများကြီးဖြစ်လာလို့ရှိရင် ဒီတိုင်းပြည်တိုးတက်ဖို့က ရွှေပြည်တော် မျှော်တိုင်းဝေးသွားမှာပေါ့" ဟု USDP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းက ပြောသည်။

လက်ရှိတွင် ပြည်သူ့လွှတ်တော်အမတ်များဖြစ်သည့် ရွှေပြည်သာမြို့နယ်အမတ် ဦးဉာဏ်လင်း၊ မြောင်းမြမြို့နယ်အမတ် ဒေါက်တာစိုးမိုးသူနှင့် မအူပင်မြို့နယ်အမတ် ဦးစိန်ဝင်းတို့ (၃)ဦးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပါတီစည်းကမ်းဖြင့် အရေးယူထားသည်။

အဆိုပါ (၃)ဦးအား ပါတီက ပေးအပ်ထားသည့်တာဝန်နှင့် လွှတ်တော်ကော်မတီတွင် ပေးအပ်ထားသည့် တာဝန်များကို ရုတ်သိမ်းကာ ပါတီစည်းကမ်းအရ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၂၇ရက်က အရေးယူထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required