ဇန်နဝါရီ ၁၆ မှာ YBS မွေးနေ့ပါ

ဇန်နဝါရီ ၁၆ မှာ YBS မွေးနေ့ပါ
ဓာတ်ပုံ-စိုင်းထွန်းထွန်းနိုင်
 

ဇန်နဝါရီ ၁၆ ကို ဖြတ်သန်းရပုံကဖြင့် ရေရေလည်လည်ပဲ။ အမှန်တော့ ရေရေလည်လည်နောက်မှာ ကောင်းတာဆိုးတာ တစ်ခုခု မောင်မှန်ရေးရမှာပါ။  Very good ဒါမှမဟုတ် Very bad ပေါ့။ ( ဘိုလိုရေးလိုက်တာ ပိုရှင်းမယ်ထင်ပါတယ်။) ဒါပေမယ့် မောင်မှန် မရေးရဲဘူး။ YBS ရဲ့ ပထမနေ့ အတွေ့အကြုံကို မောင်မှန် မရေးရဲဘူးဖြစ်နေတယ်။ ကိုယ့်ခံစားချက်ကို အမှန်အတိုင်းရေးလိုက်ရင်လည်း   လော်လီတွေ အဲ လော်ဘီတွေက ဝိုင်းဆဲဦးမယ်။ ဒီလိုမဟုတ်ပြန်ရင်လည်း ပြည်သူတွေက ဝိုင်းဆဲဦးမယ်။ ဒီတော့ ကိုယ့်အတွေ့အကြုံလေး နည်းနည်းရေးမယ်။ အင်တာနက်မှာ တွေ့တာလေး နည်းနည်းရေးမယ်။ TV သတင်းလေးနည်းနည်း ရေးမယ်။

နည်းနည်းလောက် ချောတောငေါ့လိုက်ပါရစေဦး။ မထသ မဖျက်သိမ်းခင်လေးမှာ တာမွေ သံလျင်သွား ဘတ်စ်ကားတစ်စီးက ခရီးသည်ကိုရိုက်သတ်တာနဲ့ နှုတ်ဆက်သွားပါတယ်။ (လိုင်းကားမဟုတ်ဘူး   အောက်ဆိုက်ကားလို့လည်းပြောကြတယ်။ ဝပ်ရှော့ကအပြန် ဝင်ဆွဲတာတဲ့။) ဘယ်လိုပဲဖြစ်စေ၊ YBS မှာတော့ ဒါမျိုးအန္တရယ်တွေ ကင်းရှင်းစေချင်တယ်။ ကားဖိုက်တဲ့အန္တရယ်ကတော့ YBS မှာ ကင်းဝေးသွားပါပြီ။ စပယ်ရာ တောဝါကတော့ အပြတ်မပြောနိုင်သေးဘူး ထင်ပါရဲ့။ ဒါက နည်းနည်း ချော်တောငေါ့ကြည့်တာပါခင်ဗျာ။

မောင်မှန့် အတွေ့အကြုံကို စပါမယ်။ မထသ ကနေ YBS ပြောင်းမယ့်အသံတွေ ကြားပြီးကတည်းက မော်တော်ယာဉ်လိုင်းအသစ်တွေ ဘယ်လိုပြေးဆွဲမလဲဆိုတာကို အမြဲနားစွင့်နေခဲ့ပါတယ်။ လိုင်းအသစ်လမ်းကြောင်းတွေထွက်ပေါ်လာတဲ့အခါ မောင်မှန် သေသေချာချာလေ့လာပါတယ်။ အထူးသဖြင့် ကိုယ်နဲ့ဆိုင်တဲ့လိုင်းတွေပေါ့။ မောင်မှန်တို့လမ်းထိပ်ကမှတ်တိုင်မှာ မထသ ခေတ် ( နေရစ်တော့ ခေတ်ဟောင်းပေါ့နော် )က ပြေးဆွဲတဲ့ယာဉ်လိုင်း ၃ ခုရှိပါတယ်။ အဲ ၃ လိုင်းရှိတာတောင် မနက်ပိုင်း ရုံးချိန်ဆို ၃ လိုင်းစလုံး ငါးပိသိပ်ငါးချဉ်သိပ်ပါ။ ကားသမားစကားနဲ့ဆို တစ်လုံးကြီးပဲပေါ့။ မောင်မှန်လေ့လာချက်အရ လမ်းထိပ်မှာ YBS ကား တစ်လိုင်းပဲ လာတော့မှာပါ။ ၃ လိုင်းရှိတုန်းကတောင် ကြပ်ညပ်နေတာ တလိုင်းထဲဆိုရင်တော့ ပိုဆိုးတော့မှာပဲ ဆိုပြီး   မောင်မှန်အိမ်က အစောကြီးထွက်ပါတယ်။ စောစောထွက်တဲ့ငှက်ဟာ အစာများများရတယ်ဆိုတဲ့ တရုတ်စကားပုံ ရှိတယ်မို့လား။ မိုးမသောက် မှောင်မိုက် အရိပ်မပြေးမီဆိုတဲ့ ( ဆရာငြိမ်းကျော် ဝတ္ထုခေါင်းစဉ် )အချိန်မျိုးမှာ မောင်မှန် အိမ်ကထွက်ပါတယ်။ ၆ နာရီသာသာပဲ ရှိပါအုန်းမယ်။ သေချာမလင်းသေးပါဘူး။ နှင်းတွေလည်း ဝေတုန်းပါ။

ဟေးဟေး မှတ်တိုင်လည်းရောက်ကရော မောင်မှန်လိုလူစား အများကြီးပါလားဆိုတာ သိရပါတော့တယ်။ မှတ်တိုင်မှာလူအုပ်က မနည်းပါဘူး။ အော် ပြည်သူတွေ ပြည်သူတွေ အမျှော်အမြင်ကြီး လှပါကလား။ မကြီးလို့လည်း မရဘူးလေ။ အလုပ်နောက်ကျရင် ပိုက်ဆံအဖြတ်ခံရမယ်။ အလုပ်ပျက်ရင် နေ့တွက် အဖြတ်ခံရမယ်။ ပြည်သူတွေရဲ့ဘဝက ပြည်သူတွေကို အမျှော်အမြင်ကြီးစေ ခဲ့ပါတယ်။ ပြည်သူတွေ ဘယ်လောက်အမျှော်အမြင်ကြီးကြီး လိုင်းကားက တစ်စီးမှမလာပါဘူး။ ကားမှတ်တိုင်မှာ မောင်မှန်နဲ့ အကြံတူရန်သူတွေလည်း တဖြေးဖြေး များလာလို့နေပါပြီ။ ( တင်စားပြီးပြောတာနော်၊ ကားတစ်စီးထဲကို အတူတူ အလုအယက် တက်စီးကြမယ့်သူတွေဆိုတာ ယှဉ်ပြိုင်ဘက်တွေမို့လား။ ဒါကြောင့် တင်စားမိတာပါ။ ပြည်သူကို ရန်သူလို သတ်မှတ်တာ မဟုတ်ပါဘူး။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့စကားကတော့ ဒီနေရာမှာ မှားသွားပြီ။ ငါနဲ့တူ ငါ့ရန်သူဖြစ်သွားပြီ။)

ကားက မလာသေးပါဘူ။ စေတနာ့ဝန်ထမ်းတွေလည်း ဟိုဖုန်းဆက် ဒီဖုန်းဆက် လုပ်ပေးကြရှာပါတယ်။ ကြီးတော်နွားက ဘယ်နေမှန်း မသိသေးပါဘူး။ နောက်ဆုံးမှာ နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က ရပ်ကွက်ထဲကကားတွေကို မေတ္တာရပ်ခံအကူအညီတောင်းပြီး လိုင်းကားပိုများတဲ့ နေရာတစ်ခုကို ပို့ဆောင်ပေးစေခဲ့ပါတယ်။ ကျေးဇူးတင်ကြောင်း မှတ်တမ်းပြုရပါတယ်ခင်ဗျာ။ လူထုအခက်အခဲကို လူထုနည်းနဲ့ ဖြေရှင်းခဲ့ကြတာပါ။ အဲ နောက်တနေရာရောက်တော့ ကားကတော့လာပါရဲ့။ ဒါပေမယ့် တက်မရဘူးဖြစ်နေတယ်။ ရပ်တောင် မပေးတော့ဘူး။ စေတနာ့ဝန်ထမ်း အမကြီးတစ်ယောက်ဆို ကားရှေ့က ပိတ်ကာထားပြီး ခရီးသည်ရသလောက် တင်သွားပေးဖို့ မေတ္တာရပ်ခံပေးရှာပါတယ်။ ဒါပေမယ့် ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ကားသမားကလည်း ပြန်ပြောရှာပါတယ်။ ဟုတ်ပါတယ်။ ဘီးဖက်လိုက်ဖို့နဲ့ ခေါင်းမိုးပေါ် တက်စီးဖို့ပဲ ရှိပါတော့တယ်။ စာရင်းချုပ်ရရင် လိုရာခရီးကို အချိန်အများကြီး   နောက်ကျပြီးမှ   မောင်မှန်ရောက်ရှိ ခဲ့ပါတယ်။ စီးရတဲ့ကားကလည်း ကြပ်လိုက်တာ လွန်ရော။ အတက်တစ်ပေါက် အဆင်းတစ်ပေါက် လုပ်ထားတော့ ပိုဆိုးပေါ့။ ကားရဲ့စနစ်က နိုင်ငံတကာစံချိန်မီပေမယ့် ခရီးသည်တွေက နိုင်ငံတကာစံချိန် မမီပါဘူး။ ( နိုင်ငံတကာမှာ အတက်တစ်ပေါက် အဆင်းတစ်ပေါက် လုပ်တဲ့ဟာမယ် မတ်တပ်ရပ်ခရီးသည်က လေးငါးခြောက်ယောက်လောက်ပဲ ပါတာလေ၊ မောင်မှန် ရုပ်ရှင်တွေမှာ ကြည့်ဖူးတယ်။ ဒီမှာလို လေးငါးခြောက်ဆယ်မဟုတ်ဘူး။ မောင်မှန် ဒါကိုပြောတာပါ။)

အင်တာနက်မှာ တွေ့တာတချို့ကတော့ သည်းမခံနိုင်လေခြင်းဆိုပြီး ညည်းညူသူတွေကို အပြစ်ဖို့ထားတာပါ။ ( ဆူကြဆဲကြတာ အများစုကိုတော့ မဖေါ်ပြတော့ပါဘူး။)တစ်ယောက်များဆို တဖွဲ့တနွဲ့ အခု YBS ပြောင်းလိုက်တာဟာ အနာဖြစ်နေတဲ့ကလေးကို ဆရာဝန်က အရက်ပျံထည့် ဆေးထည့်ပေးတဲ့ သဘောပဲတဲ့။ ငလေးက စပ်ရှာတော့ ဆရာဝန်ကို မကြည့်ဘူးပေါ့။ အနာပျောက်ပြီးတဲ့အခါ   ဘော်လုံးကန်နေတဲ့ကလေးကို ဆရာဝန်ကကြည့်ပြီး ပြုံးပီတိဖြစ်ရသတဲ့။ YBS လိုင်းကြီးနဲ့ပြည်သူတွေ အဆင်ပြေသွားတဲ့အခါမှာလည်း ပြည်သူတွေက အစိုးရကို မေ့သွားမှာပါတဲ့။ ဒီအခါ ပြုံးပီတိဖြစ်နေမှာ အစိုးရပါပဲတဲ့ခင်ဗျာ။ ကောင်းလိုက်တဲ့အရေးအသားပါ။ အဲ့ အရေးအသား မောင်မှန် အဲလိုရေးနိုင်အောင် ကြိုးစားရပါဦးမယ်။

ဇန်နဝါရီ ၁၇ ရက်နေ့မနက် MRTV 4 သတင်းမှာတော့ ခုလိုထုတ်လွှင့်သွားပါတယ်။ မနက် ၇ နာရီနဲ့ ၉ နာရီကြားမှာ မှတ်တိုင်တွေမှာ ခရီးသည်တွေ နည်းနေသတဲ့။ ကားစီးရေ ငါးထောင်ကျော်   ပြေးဆွဲပေးဖို့ ရည်ရွယ်ထားတာ နှစ်ထောင်ကျော်ပဲ ထွက်နိုင်သတဲ့။ စတစ်ကာတွေ ကပ်နေရလို့တဲ့။ (စတစ်ကာတွေ ကပ်မပြီးခင်မှာ မထသ ယာဉ်လိုင်းတချို့ကို တစ်ပတ်လောက် ဆက်ထားလို့ မရဘူးလားဟင်။ ဒါကတော့ မောင်မှန်မေးချင်တာပါ။

ပုံသေ ယာဉ်စီးခ ၂၀၀ ဖြစ်သွားတော့ ကားအဆင့်ဆင့် ပြောင်းစီးရလေတော့ လက်လုပ်လက်စားတွေ ဝန်ထမ်းတွေ အခက်တွေ့ရသတဲ့။ ( ဒီအထဲ မောင်မှန်လည်းပါတယ်။ )မောင်မှန်ကြည့်ရတဲ့ သတင်းကို ပြန်ဖောက်သည် ချတာပါ။ ကဗျာဆရာမိုးဝေးရဲ့ သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင်ဆိုတဲ့ ဆုရကဗျာတစ်ပုဒ် ရှိပါတယ်။ မောင်မှန်လည်း ဝန်ကြီးချုပ်နဲ့ သုံးလေးမှတ်တိုင်ဆိုတာမျိုး တစ်ပုဒ်လောက်တော့ ရေးလိုက်ချင်ပါသေးရဲ့ခင်ဗျာ။    ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly