နေရစ်တော့ ခေတ်ဟောင်းနဲ့ စနစ်ဟောင်းရယ်

နေရစ်တော့ ခေတ်ဟောင်းနဲ့ စနစ်ဟောင်းရယ်
ဓာတ်ပုံ - သက်ကို/ မဇ္ဈိမ

ဦးဖြိုးမင်းသိန်း ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်း ပြေးဆွဲမှုစနစ် ပြောင်းလဲကျင့်သုံးတာနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုး၊ ခံစားမှုအမျိုးမျိုးနဲ့ သဘောထားအမျိုးမျိုးကို အတော်လေး ဆူဆူညံညံ ကြားကြရပါတယ်။ ထုံးစံအတိုင်း အဆိုးမြင်နဲ့အကောင်းမြင်၊ အပေါင်းလက္ခဏာဆောင်တဲ့ ချဉ်းကပ်မှုနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ ချဉ်းကပ်မှု၊ အစရှိသဖြင့် အသံဗလံပေါင်းစုံတော့ ကြားကြရတာ တကယ်တော့ မဆန်းပါဘူး။ စနစ်ဟောင်းတစ်ခုကနေပြီး စနစ်သစ်ပြောင်းလဲရတာဖြစ်လို့ ဒီပြောင်းလဲမှုအပေါ် အသံတွေငြိမ်နေရင်သာ သဘာဝမကျတဲ့ လက္ခဏာဖြစ်ပြီး အခုလို ဆူဆူညံညံ လူတိုင်း စိတ်ဝင်တစား ဝေဖန်သံတွေထွက်ပေါ်လာတာဟာ တကယ်တော့ ကောင်းမွန်တဲ့လက္ခဏာတစ်ခု သဘာဝကျတဲ့ လက္ခဏာဖြစ်တာမို့ ဒီပြောင်းလဲမှု တစ်ခုကတော့ ထူးခြားသစ်လွင်တဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တာ သေချာသွားပြီလို့ ပြောကြရမှာပါ။

ဒီကနေ့ ယဉ်လိုင်းတချို့၊ ဘတ်စ်ကားဂိတ်တချိုကို လေ့လာကြည့်တဲ့အခါ လုပ်အားပေးတချို့နဲ့ အခမဲ့ကူညီမှုယာဉ်တချို့ကို လူတွေကြား ထင်ထင်ရှားရှားတွေ့ရတာကလည်း စိတ်ထဲမှာ မြင်ရသူအားလုံး စိတ် ကြည်နူးရစေပါတယ်။ မနေ့ကထက်စာရင် လုပ်အားပေးသူတွေဟာ ယာဉ်ကြောတွေအကြောင်း ပိုမိုသွက်လက် မှန်ကန်စွာ ရှင်းပြကူညီနိုင်လာကြတာတွေ့ရပါတယ်။ သူတို့ အခုလို ကူညီရှင်းပြ စီစဉ်ပေးရတာကိုပဲ ဂုဏ်ယူနေကြတဲ့ မျက်နှာအထားအသို တွေ့ရတာကိုကပဲ ဒီ အပြောင်းအလဲတစ်ခုကတော့ မှတ်သားဖွယ် သမိုင်းဝင်အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပြီဆိုတာ သေချာသွားရပါတယ်။

ရန်ကုန်မြို့ မော်တော်ယာဉ်ပြေးဆွဲမှုစနစ်၊ ထိန်းချုပ်ကွပ်ကွဲမှုစနစ် အသစ်ပြောင်းလဲလိုက်တဲ့အခါ အပြောင်းအလဲကို လိုလားကြတဲ့သူတွေနဲ့ အပြောင်းအလဲကို မလိုလား မရှုစိမ့်နိုင်တဲ့ သူရယ်လို့   နှစ်မျိုးနှစ်စား ကွဲပြားမယ်ဆိုတာလည်း သိထားသင့်ပါတယ်။ ပြောင်းလဲဖေါ်ဆောင်လိုက်တဲ့စနစ်က ပုဂ္ဂလိက လက်ဝါးကြီးအုပ်၊ လူတစ်စုကောင်းစားရေးစနစ်တစ်ခုကို လူထုကောင်းစားရေး၊ အများကောင်းစားရေး စနစ်အဖြစ် ပြောင်းလဲဖို့ကြိုးစားတာဖြစ်လို့ တချိန်က ဒီလုပ်ငန်းကြီးနဲ့ ကိုယ်ကျိုးစီးပွား၊ လူတစ်စုကိုယ်ကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြသူတွေအနေနဲ့ကတော့ မကြည်မလင်   ဖြစ်ကြဖွယ်ရှိမယ်လို့လည်း တွက်ဆကြပါတယ်။ ယခုလို စနစ်သစ်တစ်ခု စတင်ကျင့်သုံးတဲ့အချိန် ကြုံတွေ့ရတဲ့ အခက်အခဲတချို့ ရှိလာတဲ့အခါ စနစ်ဟောင်းသမားများ ဘက်ကလည်း ဝင်ပြီး ဆွမ်းကြီးလောင်းကြဖွယ် ရှိပါတယ်။ အပြောင်းအလဲတစ်ခုရဲ့ အဆင်မပြေဖြစ်မှု၊ မတိကျမှု၊ မရှင်းလင်းမှုနဲ့ အံဝင်ခွင်ကျမဖြစ်မှုတွေအပေါ် မီးလောင်ရာလေပင့်ဆိုသလို လက်ညှိုးဝင်ထိုးကြမှာ အသေအချာပါပဲ။ ဒါတွေကိုလည်း မိမိတို့ပြည်သူများ သတိချပ်ထားသင့်တယ်လို့ ယူဆပါတယ်။

မည်သို့ပင်ဖြစ်စေ လူထုကောင်းစားရေး ဦးတည်ထားတဲ့ အပြောင်းအလဲတစ်ခုကတော့ အသက်ဝင်စပြုပြီ ဖြစ်ပါတယ်။ အံ့သြဖွယ်ကောင်းတာကတော့ စတင်ကျင့်သုံးလိုက်တဲ့   မော်တော်ယာဉ်လိုင်း စနစ်ရဲ့ အခက်အခဲတချို့ကို လူတွေက အပြောင်အပျက်သဘောအနေနဲ့သာ ပြောဆိုနေကြတာဖြစ်ပြီး ဒါဟာဖြင့် အစပိုင်းမို့သာဖြစ်တယ် နောက်ကျရင် အားလုံးအဆင်ပြေချောမွေ့သွားမှာ  သေချာတယ် ဆိုတဲ့ ယုံကြည်မှု တစ်ခုကိုတော့ လူများစုကြီးက လက်ခံထားပုံရတာကလည်း အသေအချာပါပဲ။ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒီအချက်ကို ထင်ထင်ရှားရှား   တွေ့ကြရပါတယ်။

မြန်မာစကားပုံတွေရှိပါတယ်။ ဥပမာ နေရိပ်လိုချင်ရင် နေပူကစောင့် ဆိုတဲ့စကားလိုပါပဲ။ စတင်ပြောင်းလဲ ကျင့်သုံးကာစဖြစ်တာမို့ အဆင်မပြေမှုတွေဟာ အနည်းနဲ့အများ ကြုံတွေ့ကြရမှာမလွဲပါဘူး။ အရေးကြီးတာက ဒီအဆင်မပြေမှုတွေဟာ ထပ်မံဖြည့်ဆီးပြင်ဆင်လိုက်တဲ့အခါ ပြေလည်သွားမှာ သေချာတယ်ဆိုတဲ့ ယုံကြည်ချက်ထားနိုင်စွမ်းရှိဖို့ပဲ လိုအပ်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ လမ်းမများပေါ်က လူထုဆက်သွယ်ရေးလမ်းပန်းအခြေအနေဟာ မနေ့ကထက်စာရင် ပိုမိုအဆင်ပြေလာနေတာ တွေ့ကြရမှာဖြစ်သလို အပြောင်းအလဲတစ်ခုကို ကြိုဆိုထောက်ခံရုံတင်မက မိမိတို့ကိုယ်တိုင်ကပါ တက်ကြွစွာ ပါဝင်ပူးပေါင်း ကူညီဖြေရှင်းဖြည့်ဆည်းပေးကြတဲ့ လူငယ်များ၊ အဖွဲ့အစည်းများနဲ့ စေတနာ့ဝန်ထမ်းသမားများကို ကြည့်ပြီး ဒီကနေ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီးတစ်ခုရဲ့ အောင်မြင်မှုအရိပ်အယောင်တွေတော့ဖြင့် သိသာထင်ရှားစွာ ထင်ပေါ်လာနေပြီဖြစ်တာကိုတော့ မည်သူမျှ မငြင်းနိုင်ကြပါဘူး။

နိဂုံးချုပ်ပြောရရင်တော့ ရန်ကုန်မြို့ကြီးမှာဖြင့် အခြေခံလူတန်းစားအများစုကြီးနဲ့ ပတ်သက်ယှက်နွယ်နေတဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဘတ်စ်ကားလိုင်း ပြေးဆွဲမှု စနစ်သစ်ကြီးကတော့ အသေအချာကြီးကို စတင်အသက်ဝင် လာနေပြီဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း “နေရစ်တော့ ခေတ်ဟောင်းနဲ့စနစ်ဟောင်းရယ်”လို့သာ နှုတ်ဆက်ပြောဆိုရင်း အသစ်ပြောင်းလဲလာနေတဲ့ ရန်ကုန်မြို့ မော်တော်ယာဉ်လိုင်း ပြေးဆွဲမှု စနစ်သစ်ကို မဇ္ဈိမက ဝမ်းမြောက်စွာ အသိအမှတ်ပြု ဂုဏ်ပြုလိုက်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required