ဒီမိုကရေစီ အစိုးရကသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ သမ္မတဟောင်း ပြော

ဒီမိုကရေစီ အစိုးရကသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ သမ္မတဟောင်း ပြော

ဒီမိုကရေစီမရှိဘဲ အပစ်အခတ်ရပ်စဲရေး လုပ်လို့ရသော်လည်း ဒီမိုကရေစီအစိုးရကသာလျှင် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မည်ဟု သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားလိုက်သည်။

၎င်းက ဇန်နဝါရီ ၁၅ရက်က ဂျပန်နိုင်ငံ နာရာမြို့တွင် ကျင်းပသည့် အာဆီယံ နှင့် အာရှအရှေ့ဆိုင်ရာ စီးပွားရေးသုတေသနသိပ္ပံ (ERIA) မှ ချီးမြှင့်သည့် Grand Prize of 3rd Asia Cosmopolitan Award 2017 ဆုချီးမြှင့်ပွဲတွင် ဆုတက်ရောက်စဉ် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

"ဒီမိုကရေစီမရှိဘဲ အပစ်အခတ်ရပ်စဲရေး ရအောင်လုပ်လို့ရပါတယ်။ ဒါပေမယ့် ဒီမိုကရေစီ အစိုးရကသာလျှင် ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းအပြင် ၎င်းလက်ထက်တွင် နှစ်ပေါင်း ၆၀ကျော် ပြည်တွင်းစစ်ကို ရပ်တန့်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် တပ်မတော်၊ အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်နိုင်ခဲ့ကြောင်းကိုလည်း "ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်တဲ့အတွက် ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးဖြစ်တဲ့   မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ကျွန်တော့်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ထိုးနိုင်ခဲ့သော်လည်း အားလုံးပါဝင်ရေးမူနှင့် မကိုက်ညီဟုဆိုကာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များက ယခုအချိန်ထိ လက်မှတ်ရေးထိုးခြင်းမရှိသေးသလို မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် တိုက်ပွဲများလည်း ယခုချိန်ထိ ဖြစ်ပွားနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly